ဝဲကြီးကျေးရွာအတွင်း ညပိုင်း ၀င်ရောက်ဖမ်းဆီးမှု ၀င်ရောက် စွက်ဖက်ခဲ့သူများကို ဖော်ထုတ်အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြောကြား
(ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်အား ရှင်းလင်းပွဲတွင် တွေ့ရစဉ်)

ဝဲကြီးကျေးရွာအတွင်း
ညပိုင်း ၀င်ရောက်ဖမ်းဆီးမှုသည် ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ပြီး
ပြဿနာများဖြစ်ပွားအောင် ၀င်ရောက် စွက်ဖက်ခဲ့သူများကို ဖော်ထုတ်အရေးယူမည်ဟု
ပြည်ထဲရေးဒုဝန်ကြီး ပြောကြား
နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာအတွင်းရှိ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူများကို ညပိုင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြဿနာဖြစ်ပွားအောင်ဝင်ရောက်စွက်ဖက်ခဲ့သူများကို
ဖော်ထုတ်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်
ကျော်ဇံမြင့်က စက်တင်ဘာ ၂၇ ရက်က နေပြည်တော်တွင် သတင်းထောက်များနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဝဲကြီးကျေးရွာသားများသည် ပြန်
ကြားရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့သည့် ၎င်းတို့လုပ်ကိုင်ခဲ့သော
လယ်ယာမြေနေရာများတွင် စက်တင်ဘာ ၁၂ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့်
ဖြစ်စဉ်မှအစပြု၍ ရဲတပ်ဖွဲ့အင်အား ၆၀ ခန့်က စက်တင်ဘာ ၁၉ ရက် နံနက် ၂
နာရီအချိန်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ရာ ကျေးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ
ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဒုဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်က The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''အချိန်မတော် ဖမ်းတယ်ဆိုတာ တစ်ခါတစ်ရံ လိုအပ်ချက်အရ တရားခံဆိုတာကလည်း
ပေါ်ပေါ်ထင်ထင် ဘယ်သူမှမနေဘူး။ တရားခံဖြစ်တဲ့ အခါကျတော့ သူ့ကိုလာဖမ်းမယ်ဆိုတာ
သိတဲ့အတွက် အဲဒီလို ညလယ်အချိန်မျိုး သူများတွေမမျှော်လင့်နိုင်သလို
နေတဲ့အတွက် ဒီအပေါ်မူတည်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့အခါမှာ
ပြည်သူလူထုအကျိုးကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အချိန်မှာတော့
ခန့်မှန်းပြီးတော့ တာဝန်ရှိသူက ဒီအချိန်သွားဖမ်းရင်တော့ တရားခံကို
မိနိုင်မယ်။ ဒါကြောင့် ဒီလိုအချိန်ရွေးဖမ်းတာ။ နေ့ဘက်ရယ် ညဘက်ရယ်မဟုတ်ဘူး။
ဖြစ်နိုင်တဲ့အချိန်ကို ခန့်မှန်းပြီးတော့ ဖမ်းတာ။ လူကောင်းကတော့ နေ့လယ်
နေ့ခင်း ပေါ်ပေါ်ထင်ထင် နေမှာပေါ့။ တည်ဆဲဥပဒေတစ်ခုခုကို
ချိုးဖောက်ထားတဲ့သူကတော့ ပုန်းလျိုးကွယ်လျိုးနဲ့ တရားဥပဒေ
စိုးမိုးရေးအဖွဲ့တွေနဲ့ မထိတွေ့အောင် မကြုံတွေ့အောင်နေမှာပေါ့။ ဒါကြောင့်
ဒီလိုဆောင်ရွက်ရတာဖြစ်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက်
ဒါမျိုးမဆောင်ရွက်အောင်လည်း တာဝန်ရှိသူတွေကို မှာထားပြီးဖြစ်ပါတယ်''ဟု
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က
ပြောကြားသည်။
ထိုသို့ ၀င်ရောက်ဖမ်းဆီးရာတွင် တာဝန်အရ ယူနီဖောင်းဖြင့် တရားဝင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊
အဖွဲ့အချို့၏ ၀င်ရောက်စွက်ဖက်မှုကြောင့် မလိုလားအပ်သော ပြဿနာများ
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းအရ
ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့အပြင် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်သကဲ့သို့
ပြည်သူများကလည်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ
တွင် ဖော်ပြထားပါကြောင်း ဗိုလ်မှူးချုပ်က ပြောကြားသည်။
အဆိုပါ
ဝင်ရောက်ဖမ်းဆီးခဲ့သည့် အိမ်ထောင်စုငါးစုတွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေးဥက္ကဋ္ဌ၏ နေအိမ်လည်း ပါဝင်ကြောင်းသိရသည်။
အစိုးရသတင်းစာတိုက်အတွက် သိမ်းယူထားမြေနေရာတွင် ၀ဲကြီးကျေးရွာမှ
ရွာသားများက ၀င်ရောက်ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူများကို
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့်
တရားစွဲဆိုထားပြီး၊ ၀င်ရောက်ဖမ်းဆီးသည့်အချိန်တွင် ခုခံတိုက်ခိုက်ခဲ့သည့်
ဒေသခံအချို့ကို တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။
No comments:
Post a Comment