Written by မိုးဦး
တောင်ကြီး အောက်တိုဘာ ၁၇

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် အလှမယ် ပြိုင်ပွဲ ကျင်းပရာ၌ အလှမယ်များ ပါဝင် ယှဉ်ပြိုင်မှုကို ပုံစံပြောင်း၍ ကျင်းပသွားမည် ဖြစ်ကြောင်း တောင်ကြီး တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဆုချီးမြှင့်ပွဲနှင့် အခမ်းအနား ပြင်ဆင် ကျင်းပရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ ဆုံးဖြတ်ချက် အရ သိရသည်။
ယခင်နှစ်များက တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် အလှမယ် ပြိုင်ပွဲကို တောင်ကြီးမြို့ပေါ် ရပ်ကွက်များမှ တစ်ရပ်ကွက်လျှင် ရပ်ကွက် ကိုယ်စားပြု အလှမယ်နှစ်ဦး သတ်မှတ်ကာ မဖြစ်မနေ ပါဝင်ယှဉ်ပြိုင် စေခြင်းဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင် အဆိုပါ ကန့်သတ်ချက် မရှိတော့ဘဲ လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် မီးထွန်းလှည့်လည် ပွဲတွင်လည်း ပါဝင် ယှဉ်ပြိုင်မည့် အလှမယ်များကို ယခင်ကဲ့သို့ ရပ်ကွက် ကိုယ်စားပြု အဖြစ် သတ်မှတ်ကာ ရပ်ကွက်ရှေ့တွင် အလှပြစီတန်း လှည့်လည်ရသည့် ပုံစံကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။
''အရင်နှစ်တွေက တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် အလှမယ် ပြိုင်ပွဲကို တောင်ကြီးမြို့ပေါ် ရပ်ကွက်အားလုံး မဖြစ်မနေ ကိုယ်စားပြု အလှမယ် နှစ်ဦးနှုန်းနဲ့ သတ်မှတ်ပြီး ပါဝင်ယှဉ်ပြိုင် စေခဲ့တာပါ။ ဒီနှစ်မှာ အဲဒီစနစ် မရှိတော့ပါဘူး။ ပြိုင်ချင်တဲ့ ရပ်ကွက်က စိတ်တိုင်းကျ ဘယ်နှစ်ဦးပဲ ဖြစ်ဖြစ် ပြိုင်လို့ရပါတယ်။ ပြိုင်မယ့်သူ မရှိလို့ပါဝင် ယှဉ်ပြိုင်ခြင်း မရှိရင်လည်း ရပါတယ်။ တောင်ကြီးမြို့ပေါ် သာမက တောင်ကြီး မြို့နယ် အတွင်းမှာ ရှိတဲ့ရပ်ကွက်၊ ကျေးရွာ အားလုံးက မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို သတ်မှတ်ချက်မရှိ လွတ်လပ်စွာ ပါဝင်ခွင့် ပြုထားပါတယ်။ နောက်ပြီး မီးထွန်းလှည့်လည် ပွဲမှာလည်း ကိုယ်စားပြု သတ်မှတ်ချိန်တွေ မရှိတော့ပါဘူး။ အားလုံးရဲ့ ရှေ့ကနေ မိမိ ကြိုက်နှစ်သက်ရာ မီးပုံး ဒီဇိုင်းကို စိတ်တိုင်းကျ ရွေးချယ်ပြီး အလှပြနိုင် ပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အလှမယ် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင် လိုသူသည် တောင်ကြီး မြို့နယ်အတွင်း နေထိုင်သူ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အရပ် ၅ ပေ ၃ လက်မရှိသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ကြောင်းနှင့် အမည်စာရင်း များကို အောက်တိုဘာ ၁၅ ရက်မှ ၂၂ ရက် အထိ ပေးသွင်းနိုင်ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အလှမယ် ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်တွင် အကြို လေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်တွင် ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ဆုကြေးများမှာ ပထမဆု ငွေကျပ် လေးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်းနှင့် ဂုဏ်ပြုဆု သုံးဆု ချီးမြှင့်မည် ဖြစ်ပြီး တစ်ဆုလျှင် ငွေကျပ်တစ်သိန်း သတ်မှတ်ထားကြောင်း သိရသည်။
refind by http://www.myawady.net.mm
copy ;http://www.myawady.net.mm
No comments:
Post a Comment