
ပေကျင်း ဧပြီ ၂၀
ကော်ဖီသည် အရက် သောက်သုံးသူ အမျိုးသား
များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း ဖင်လန် နိုင်ငံမှ
သုတေသန ပညာရှင် များက အရက် သေစာနှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင်
ဖော်ပြထားသော လေ့လာမှုသစ် တစ်ရပ်တွင် ပြောကြား ထားသည်။
သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ်
အကြားရှိ ဖင်လန် အမျိုးသားနှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ
သောက်သုံးခြင်း၊ အရက် သောက်သုံးခြင်းနှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး
လေ့လာမှုတွင် ပါဝင်သူ များ၏ သွေးအတွင်း အသည်းအင်ဇိုင်း (GGT) ပါဝင်မှု ပမာဏ
ကိုလည်း တိုင်းတာ ခဲ့ကြသည်။
အရက် သောက်သုံးခြင်းသည် သွေးအတွင်း (GGT)
ပါဝင်မှု အဆင့်ကို မြင့်မား စေကြောင်းနှင့် အသည်းရောဂါ ဖြစ်ပွားသူ များတွင်
(GGT) ပါဝင်မှု အဆင့် မြင့်မား သည်ကို တွေ့ရှိရကြောင်း သုတေသီ များက
ပြောကြားခဲ့သည်။
တစ်ပတ်လျှင် အရက် ၂၄ ကြိမ်ကျော်
သောက်သုံးသော သို့မဟုတ် တစ်ရက်လျှင် ၃ ဒသမ ၅ ကြိမ်သောက်သုံးသော အမျိုးသား
များသည် အရက်သေစာ သောက်သုံးမှု မရှိသော အမျိုးသား များထက် အသည်းအင်ဇိုင်း
(GGT) ပါဝင်မှု သုံးဆကျော် မြင့်မား နေသည်ကို တွေ့ရှိခဲ့သည်။
သို့သော်လည်း တစ်နေ့လျှင် ကော်ဖီ
ငါးခွက်နှင့် မက သောက်သုံးသော အရက် အလွန်အကျွံ သောက်သည့် အမျိုးသား များသည်
ကော်ဖီ မသောက်သော အရက် အလွန်သောက်သည့် အမျိုးသား များ၏ သွေးအတွင်းရှိ
အသည်းအင်ဇိုင်း (GGT) ပါဝင်မှု အဆင့် ထက် ၅၀ ရာခိုင်နှုန်း လျော့နည်း
နေသည်ကို သုတေသီ များက တွေ့ရှိခဲ့သည်။
မိမိတို့ အနေဖြင့် အသည်းအင်ဇိုင်း ပါဝင်မှု
လျော့နည်းခြင်းသည် အသည်းရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ခြင်း
ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ သေချာစွာ မသိရှိ သေးကြောင်း နယူးယောက်ခ်မြို့
မန်ဟက်စ်ဆန် ဒေသရှိ North Shore တက္ကသိုလ် ဆေးရုံမှ အသည်း ရောဂါဆိုင်ရာ
အကြီးအကဲ ဒေါက်တာ ဒေးဗစ်ဘာစတင်က ပြောကြားသည်။
အရက်သေစာ သောက်သုံးသူများ အနေဖြင့်
ကော်ဖီပိုမို သောက်သုံးခြင်းသည် အရက်အလွန် အကျွံ သောက်သုံးခြင်းကြောင့်
ဖြစ်ပေါ်သော ဆိုးကျိုးများ အပေါ် ကာကွယ်ပေးနိုင် လိမ့်မည်ဟု မတွေးထား
သင့်ကြောင်း ဘာစတင်က သတိပေး ပြောကြားခဲ့သည်။
http://www.myawady.net.mm
No comments:
Post a Comment