န်ကုန် အောက်တိုဘာ ၂၂

မကြာမီ ကျင်းပတော့မည့် ရှမ်းပြည်နယ် အစဉ်အလာ ပွဲတော်တစ်ခု ဖြစ်သည့် တောင်ကြီး မီးပုံးပျံ ပွဲတော်တွင် တောင်ကြီးရှိ ဟိုတယ်များ၌ အခန်း လိုအပ်ချက်များ မဖြစ်ပေါ်စေရန်
ဟိုတယ်များအား ထပ်မံတိုးချဲ့ ပေးထားသော်လည်း ပွဲတော်ရက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး ဝင်ရောက်ကြသည့် အတွက် ယခုနှစ်တွင်လည်း အခန်းလိုအပ်ချက် မပြည့်မီနိုင်သေးဘဲ လိုအပ်ချက်များ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း တောင်ကြီး ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တန်ဆောင်တိုင် တောင်ကြီး မီးပုံးပျံပွဲတော်သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အများအပြား လာရောက်ကြသည့် ပွဲတော်တစ်ခု ဖြစ်သဖြင့် တောင်ကြီးမြို့ရှိ ဟိုတယ်များမှာ အခန်း လိုအပ်ချက် ဖြစ်ပေါ်လာနိုင်ပြီး ထိုကဲ့သို့ အခန်း လိုအပ်ချက်များ ဖြစ်ပေါ်လာပါက ဟိုတယ် အခန်းခ ဈေးနှုန်းများမှာလည်း အနည်းငယ် မြင့်တက် လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ မီးပုံးပျံ ပွဲတော်ရက်အတွင်း ဟိုတယ်အခန်း ငှားရမ်းခ ဈေးနှုန်းများမှာ အနည်းငယ် အပြောင်းအလဲ ဖြစ်ပေါ်တတ်ပြီး ပွဲတော်ပြီးသွားပါက ပုံမှန် ဈေးနှုန်းများဖြင့်သာ ပြန်လည် တည်ငြိမ်သွားကြောင်း၊ ပွဲတော်ရက် ဈေးနှုန်းမြင့်တက်သည့် ဟိုတယ်များမှာ အနည်းငယ်သာ ရှိပြီး ဟိုတယ်အများစုမှာ ကြိုတင်မှာယူထားသည့် ဈေးနှုန်းများဖြင့်သာ ငှားရမ်းကြကြောင်း သိရသည်။ တောင်ကြီး မီးပုံးပျံပွဲတော် အတွက် ခရီးသွားများ အန္တရာယ်ကင်းစေရန် ခရီးသွား အသင်းမှ မီးပုံးပျံပွဲတော်သို့ လာရောက်ကြသည့် ခရီးသွားများအား အဝေးမှပင် ကြည့်ခွင့် ပြုထားကြောင်း ခရီးသွား လုပ်ငန်းရှင်အသင်း (တောင်ကြီးဇုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ''တောင်ကြီး မီးပုံးပျံပွဲတော်အတွက် တစ်နှစ်ကြိုပြီးတော့ ခရီးသွား လုပ်ငန်းတွေ အကုန်လုံးက စီစဉ်ကြတာ။ တောင်ကြီးမှာ စီစဉ်တာတော့ မဟုတ်ဘူးပေါ့နော်။ ရန်ကုန်မှာ စီစဉ်ကြတာ။ ခရီးသည်တွေကို ကျွန်တော်တို့ အနေနဲ့ အနားကပ်ပြီး မကြည့်ဖို့တော့ မှာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ မီးပုံးပျံ ပေါက်ကွဲလို့ရှိရင် ထိခိုက်မိတာတွေ ဖြစ်မှာစိုးလို့ပါ။ ဖြစ်ခဲပါတယ်။ ဖြစ်လေ့ဖြစ်ထတော့ ရှိတယ်။ ဒါလေးတွေကအစ သူတို့ကို အသိပေးထားတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ တောင်ကြီး မီးပုံးပျံ ပွဲတော်ကို ယခင်နှစ်များတွင် ကျင်းပနေကျအတိုင်း လပြည့်နေ့ မတိုင်မီ ရှစ်ရက်ကြိုတင်ကာ ကျင်းပပေးပြီး ခရီးသွားများ အနေဖြင့် နေ့ပိုင်းအချိန်များအပြင် ညပိုင်း အချိန်များတွင်ပါ မီးပုံးပျံ လွှတ်တင်ခြင်းကို ကြည့်ရှုနိုင်ကြသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးထွန်း ပွဲတော်တွင် နိုင်ငံကျော် မီးပုံးပျံပွဲတော်နှင့် အတူ နိုဝင်ဘာ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် စူဠာမုနိ လောကချမ်းသာ ဘုရားပွဲ၊ တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲနှင့် မြို့လုံးကျွတ် မဟာ ဘုံကထိန် လှည့်လည် ပွဲတော်တို့ကို အဝေရာကုန်းသာ မီးပုံးပျံပြိုင်ကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
refind;http://www.myawady.net.mm

No comments:
Post a Comment