
နယူးဒေလီ စက်တင်ဘာ ၁၆
အိန္ဒိယ နိုင်ငံသည် ၎င်း၏ ပြည်တွင်း၌
ထုတ်လုပ်သော နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သည့် Agni V တိုက်ချင်းပစ်
ပဲ့ထိန်းဒုံးကို စက်တင်ဘာ ၁၅ ရက်က နိုင်ငံ အရှေ့ပိုင်း
အိုဒီရှာပြည်နယ်ရှိ Wheeler ကျွန်း ကမ်းရိုးတန်းမှ နေ၍ အောင်မြင်စွာ
စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်း မီဒီယာများက
ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်အား ဒေသစံတော်ချိန် နံနက် ၈
နာရီ ၄၅ မိနစ်က ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး မိနစ် ၂ဝ အကြာတွင် သတ်မှတ်ထားသော
ပစ်မှတ်အား ထိမှန်ခဲ့ကြောင်း သိရသည်။၎င်းဒုံးကျည်သည် အိန္ဒိယနိုင်ငံ
ကာကွယ်ရေးဆိုင်ရာ သုတေသန ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က ၂ဝ၁၂ ခုနှစ် ဧပြီလတွင်
စတင်စမ်းသပ် ထုတ်လုပ်ခဲ့သည့် ဒုတိယမြောက် တိုက်ချင်းပစ် ဒုံးကျည်
တစ်စင်းလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ယခုကဲ့သို့ပြည်တွင်းဖြစ်
တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်နိုင်ခြင်းသည် အဆိုပါ ကိုယ်ပိုင်
နည်းပညာများကို ပိုင်ဆိုင်သည့် အမေရိကန် ပြည်ထောင်စု၊ ရုရှား၊တရုတ်၊
ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများ နည်းတူ တန်းဝင် နိုင်ငံတစ်နိုင်ငံ အဖြစ်
ရပ်တည်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်သည်
အရှည် ၁၇ မီတာနှင့် အကျယ်၂ မီတာရှိကာအလေးချိန် တန် ၅ဝ ရှိပြီး အကွာအဝေး
၅ဝဝဝ ကီလိုမီတာရှိ ပစ်မှတ်တို့ကို တိုက်ခိုက် ချေမှုန်းနိုင်သည့်အပြင်
ပေါက်ကွဲအား အလေးချိန် ၁ ဒသမ ၅ တန်ကိုလည်း ဆောင်ကြဉ်း ပေးနိုင်ကြောင်း
သိရသည်။
ထို Agni V ဒုံးကျည်သည် ဘက်စုံသုံး
ပဲ့ထိန်းဒုံးများ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်မှ ထုတ်လုပ်လျက် ရှိသည့်
Agni မျိုးဆက် ဒုံးကျည်များ အနက် တစ်ခုအပါအဝင် ဖြစ်ပြီး ၎င်းအား နောက်ထပ်
စမ်းသပ်မှုများ ထပ်မံပြုလုပ်ပြီးနောက် လာမည့် နှစ်နှစ်အတွင်း ကာကွယ်ရေး
တပ်ဖွဲ့များတွင် တပ်ဖြန့် ချထားပေးသွား နိုင်မည်ဟု မျှော်လင့်ရလျက်
ရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment