27 September 2013

အိမ်နီးချင်း နိုင်ငံများ၏ မောင်းသူမဲ့ လေယာဉ်များ

အိမ်နီးချင်း နိုင်ငံများ၏ မောင်းသူမဲ့ လေယာဉ်များ
ယနေ့ကမ္ဘာ၏ စစ်ဘက်ဆိုင်ရာ လေကြောင်း ကဏ္ဍ၌ အမြန်ဆုံးနှုန်းထားဖြင့် ဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် ကဏ္ဍမှာ မောင်းသူမဲ့ လေယာဉ်များ (UAVs) ပင် ဖြစ်သည်။ ကမ္ဘာ့ဈေးကွက် အတွင်း၌
UAV များ၏ ဈေးကွက်သည် ကြီးမား ကျယ်ပြန့်လျက်ရှိပြီး လာမည့်နှစ်များ အတွင်း၌လည်း ဈေးကွက်လိုအပ်ချက် မြင့်မားလျက် ဆက်လက် ကြီးမားကျယ် ပြန့်နေဦးမည်ဟု ခန့်မှန်းထားကြသည်။ ဤကဲ့သို့ UAV များအား စစ်ဘက် အဖွဲ့အစည်းများက ပိုမိုအလိုရှိလာရ ခြင်းမှာ လေယာဉ် အဖွဲ့သားများ၏ အသက်အန္တရာယ် စိုးရိမ်ရမှု မရှိခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ သတင်းများရရှိ နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
ခေတ်ပေါ် UAV များအနေဖြင့် သာမန်လေယာဉ်များထက် သာလွန်ထူး ခြားသော အချက်များမှာ လူအင်အား အသုံးပြုရမှုနည်းခြင်း၊ အဆက်မပြတ် ကြာရှည် ကင်းထောက် နိုင်ခြင်းနှင့် နယ်မြေ စိုးမိုးနိုင်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်း၊ ရွေ့လျားပစ်မှတ်များအား တိုက်ခိုက် နိုင်ခြင်းဖြစ်သည်။ ဤသို့ ကမ္ဘာ့တပ်မတော် အသီးသီးက စိတ်ဝင်တစားဆောင် ရွက်နေကြသည့် UAV လေယာဉ်များ ထုတ်လုပ်ရေး၊ UAV စနစ်တပ်ဆင် ရေးအား  မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများမှလည်း ဆောင်ရွက်လျက် ရှိကြသည်။
တရုတ်နိုင်ငံ အနေဖြင့်   လက်ရှိ အခြေအနေ၌ UAV (၁၂) မျိုး အသုံး ပြုလျက်ရှိသည်။ BZK-005 UAV များအား Beijing လေကြောင်းနှင့် အာကာသ တက္ကသိုလ်မှ တီထွင်ထုတ် လုပ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်ကတည်းက နာရီ ၄ဝ ကြာ စမ်းသပ် ပျံသန်းခဲ့သည်။ Yilong UAV သည် အမေရိကန်တို့၏ ပရီဒေတာ လေယာဉ်နှင့် ပုံသဏ္ဌာန်တူပြီး ၂ဝဝ၈ ခုနှစ်က ကီလိုမီတာ ၄ဝဝ စမ်းသပ် ပျံသန်းခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ ထုတ်လုပ်ခဲ့သည်။
၎င်း UAV ၌ AR-1 ဒုံးကျည်တစ်စင်း တပ်ဆင်ထားသည်။ ASL- 209 UAV သည် တရုတ် တပ်မတော်၌ ဆက်သွယ်ရေး လက်ဆင့်ကမ်း စနစ်အဖြစ် အသုံးပြုနေသော လေယာဉ်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဇွန်လ၌စမ်းသပ်၍ တာဝန်ထမ်းဆောင် ခဲ့သည်။  I-Z, Z-3, Z-2 UAV များသည် ရဟတ်ယာဉ်ပုံ UAV များဖြစ်ပြီး တရုတ်တပ်မတော်နှင့် အရန်တပ်များ၌ ၂ဝဝဝ ပြည့်နှစ် အစပိုင်းကတည်းက အသုံးပြုခဲ့သည်။ WJ-600 UAV သည် ပင်လယ်ပြင် ထောက်လှမ်းရေး လုပ်ငန်း များအတွက် ပုံစံထုတ်ထားသော လေယာဉ်ဖြစ်ပြီး ဝေဟင်မြေပြင်ပစ်ခတ် တိုက်ခိုက် နိုင်စွမ်းရှိပြီး ၅ နာရီအထိ ဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိသည်။ X-200 UAV သည် ဒေါင်လိုက်ပျံသန်း ဆင်းတက် (VTOL) နိုင်သော လေယာဉ်ဖြစ်ပြီး  စင်ကာပူနိုင်ငံ လေကြောင်း ပြပွဲ၌ ထုတ်ဖော်ပြသ ခဲ့သော  လေယာဉ် ဖြစ်သည်။
တရုတ်နိုင်ငံ၌  စမ်းသပ်ဆဲ UAV လေယာဉ် ၂၆ မျိုးရှိပြီး CH-3 UAV အမျိုးအစားသည် FT-5 ပဲ့ထိန်းဒုံး တပ်ဆင်ထားပြီး ၁ဝ၈ နော်တီကယ်မိုင် အချင်းဝက်ဖြင့် ၁၂ နာရီကြာ ဆက်တိုက် ပျံသန်းနိုင်စွမ်းရှိသည်။ စမ်းသပ်ဆ Soaring Dragon UAV သည် Global Hawk UAV နှင့် ပုံစံတူဖြစ်ပြီး ၇ဝဝဝ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်သည်။ ထို့အပြင်  Night Eagle နှင့် DUF-2 အမျိုးအစား၊ လက်ဖြင့်ကိုင်တွယ်ပစ်လို့ရသော SUAV များအား စမ်းသပ်လျက် ရှိသည်။ Blue Eage 200 W UAV သည် တစ်နာရီလျှင်  ကီလိုမီတာ ၁၆ဝ အမြန်နှုန်းဖြင့် ၁၂ နာရီကြာ ဆက်တိုက် တာဝန်ထမ်းဆောင် နိုင်သည်။၎င်း၌ ဝေဟင်မှ မြေပြင်ပစ် လက်နက်များ တပ်ဆင်ရန် နေရာခြောက် ခုပါရှိသည်။ T-120 UAV သည် အသံထက်မြန်သော ၁ ဒသမ ၅ မတ်ခ်ျ အမြန်နှုန်းဖြင့်  ပျံသန်းကင်းထောက် နိုင်သော လေယာဉ်ဖြစ်ပြီး ရဟတ်ယာဉ် ပုံစံ  Z-5 UAV အား ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ အတွင်းက ပြည်သူလူထုအား တရားဝင် ပြသခဲ့သည်။
တရုတ်တို့၏ UAV များထုတ်လုပ်မှု နှင့် ပတ်သက်၍ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်  ကာကွယ်ရေး သိပ္ပံ အမှုဆောင်အဖွဲ့မှ တရုတ်တို့၏ UAV နည်းပညာမှာ ၎င်းတို့၌ရှိပြီး ဖြစ်သည့် အခြေခံ အဆောက်အအုံနှင့် သယံဇာတ ပြည့်စုံမှု၊ နည်းပညာဆိုင်ရာ ပြည့်ဝမှုတို့ အား ကောင်းစွာပေါင်းစပ် အသုံးချနိုင်မှု တို့ကြောင့် သတိပြုရမည့် အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း၊ အနာဂတ်၌ အမေရိကန်ကို ကျော်တက်သွားနိုင်ကြောင်းနှင့် ကမ္ဘာ့ UAV ဈေးကွက် အတွင်း မကြာမီ ဝင်ရောက်လာနိုင်တော့ မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ တရုတ်တို့၏ UAV ကုမ္ပဏီတစ် ခုကလည်း ၎င်းတို့၏ မောင်းသူမဲ့ ရဟတ် ယာဉ်များအား အရှေ့တောင် အာရှဈေးကွက်အတွင်း (အထူးသဖြင့် အင်ဒိုနီးရှား နှင့် မလေးရှား)သို့ ဝင်ရောက်နိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်နေသည်။ Yotaisc သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး ကုမ္ပဏီကလည်း ၎င်းတို့၏ X-200 ဒေါင်လိုက်ပျံတက်ဆင်းနိုင်သော UAV အား ၂ဝ၁၂ ခုနှစ်အတွင်း စင်ကာပူလေကြောင်းပြပွဲ၌ ထုတ်ဖော် ပြသခဲ့သည်။ ၎င်းလေယာဉ်အား ပျံသန်းမှုထိန်းချုပ်ရာ၌ အလိုအလျောက်နှင့် လူမှထိန်းချုပ် နည်းနှစ်ခုလုံး အသုံးပြုပျံသန်းနိုင်သည်။ တစ်နာရီလျှင် ၉၃ မိုင်နှုန်းဖြင့် အလေးချိန် ၁ဝဝ ကီလိုဂရမ် သယ်ဆောင်နိုင်စွမ်း ရှိသည်။ ပေါင်းစပ်လေကြောင်း လမ်းညွှန်စနစ်နှင GPS စနစ်များ တပ်ဆင် ထားပြီး စစ်ဘက်/အရပ်ဘက် တာဝန် အမျိုးမျိုး ထမ်းဆောင်နိုင်သည်။ ကင်းထောက်ခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်း၊ ဆက်သွယ်ရေး လက်ဆင့်ကမ်း ဌာနအသုံးပြုခြင်း၊ အီလက်ထရွန်နစ် စစ်ဆင်ရေး ဇီဝဓာတုလက်နက်များ စုံစမ်းခြင်း၊ နယ်စပ်ဒေသ ကင်းလှည့် ခြင်း၊ သဘာဝ ဘေးအန္တရာယ် စောင့်ကြည့် ခြင်းမှသည် စိုက်ခင်းများ၊ ဆေးဖျန်းခြင်း၊ အခြေအနေ စောင့်ကြည့်ခြင်း လုပ်ငန်းမျိုးစုံ၌ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
အိန္ဒိယ၏ UAV များသည် အများအားဖြင့် အစ္စရေးမှ ဝယ်ယူထားခြင်း၊ ပုံစံ ယူထားခြင်းဖြစ်ပြီး လက်ရှိအသုံးပြုနေသော UAV ငါးမျိုးရှိသည်။ Searcher I,II, UAV များအား အိန္ဒိယ ကြည်းတပ် နှင့် ရေတပ်တို့မှ လက်ရှိ ၁၈ စင်း အသုံး ပြုနေပြီး အစင်း ၅ဝ မှ ၇ဝ အထိ အသုံး ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ Lakshya အမျိုးအစား UAV သည် ၂ဝဝ၅  ခုနှစ်မှ စတင်၍ အစ္စရေးမှ ပုံစံဝယ်ယူခဲ့ပြီး လက်ရှိအချိန်တွင် အစင်း ၁ဝဝ ခန့် အသုံးပြု နေသည်။ Heron I,II အမျိုးအစား UAV များအား ၂ဝဝ၂ ခုနှစ်၌ လေးစင်း  စတင်ဝယ်ယူ အသုံးပြု ခဲ့ပြီး အိန္ဒိယ ရေတပ်မှ ၂ဝဝ၅ ခုနှစ်၌ ၁၂ စင်း ထပ်မံဝယ်ယူခဲ့ကာ နောက်ထပ် အစင်း ၅ဝ  ထပ်မံလိုအပ်မည်ဟု သိရှိရသည်။ Harpy-II အမျိုးအစား UAV များသည် လက်နက် တပ်ဆင်နိုင်သော အမျိုးအစားများ ဖြစ်ပြီး အစ္စရေးလေတပ် မှ ၂ဝဝ၉ ခုနှစ်၌ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ဖြင့် ဝယ်ယူထားသည်။ ၎င်းလေယာဉ်၌ ဗီဒီယို အချက်အလက် ချိတ်ဆက် ပေးပို့မှုစနစ် တပ်ဆင်ထားပြီး ၂ဝ၁၁ ခုနှစ်မှစ၍ အစ္စရေးမှ အိန္ဒိယသို့ စတင်လွှဲပြောင်း ပေးခဲ့သည်။
အိန္ဒိယ၌ စမ်းသပ်ဆဲ UAV အမျိုး အစား ၁၄ မျိုးရှိပြီး Rustom-I အမျိုးအစားအား ၂ဝဝ၉ ခုနှစ်၌ စမ်းသပ်ခဲ့ရာ ပျက်ကျခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ၌ ထပ်မံ စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် စမ်းသပ်ပျံသန်းမှု အရ တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ နှုန်းပျံသန်းနိုင်ကြောင်း တွေ့ရှိရသည်။ Rustom HALE UAV သည် အလယ် အလတ်အမြင့်နှင့် တာဝေးပျံသန်းနိုင်သော လေယာဉ်ဖြစ်ပြီး တိုက်ခိုက်ရေး အမျိုးအစားဖြစ်သည်။ ၎င်းလေယာဉ်သည် ၁၂ နာရီမှ ၁၅ နာရီအထိ ဆက်တိုက် ပျံသန်းနိုင်ပြီး ၂ဝ၁၄ -၂ဝ၁၅ ခုနှစ်၌ တိုးတက် ထုတ်လုပ်ရန်  ကြံရွယ်ထားသည်။ Netra UAV သည် အသေးစား UAV ဖြစ်ပြီး ၁ ဒသမ ၅ မီတာရှည်၍ အမြင့် မီတာ ၂ဝဝ  ၌  မိနစ် ၃ဝ ဆက်တိုက် ပျံသန်းနိုင်စွမ်းရှိသည်။ RQ 16-B အမျိုးအစား UAV အား အိန္ဒိယနိုင်ငံ KanKer ရှိ တန်ပြန် အကြမ်းဖက် နှိမ်နင်းရေးနှင့် တောတွင်း စစ်ဆင်ရေး သင်တန်းကျောင်း၌ ၂ဝ၁ဝ ပြည့်နှစ်တွင်စတင် စမ်းသပ်ခဲ့သည်။ ထို့အပြင် လေကြောင်းရန် ကာကွယ်ရေး လက်နက်များအား စမ်းသပ်ရန်အတွက် Lakshya-II ပစ်မှတ် လေယာဉ်အား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ၌ အမြင့် ၁၂ မီတာနှင့် မီတာ ၃ဝဝ အကြား မိနစ် ၃ဝ အကြာ စမ်းသပ်ပျံ သန်းနိုင်ခဲ့သည်။
အိန္ဒိယလေတပ် အနေဖြင့် တိုက်ခိုက်ရေး UAV နှင့် အသေးစား UAV များ အပါအဝင် နောက်ထပ် လေယာဉ် ၃ဝဝ ခန့်မှာ ယူထားပြီးဖြစ်သည်။ အိန္ဒိယ အနေဖြင့်  ခြေလျင် တပ်ရင်းတိုင်း၌ အသေးစား UAV သုံးစင်းစီ ထားရှိ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ သည်။ နောင်လာမည့် သုံးနှစ်အတွင်း UAV စီမံချက်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ သုံးစွဲရန် မျှော်မှန်းထားသည်။ အိန္ဒိယအနေဖြင့် တရုတ်နှင့် ပါကစ္စတန် နယ်စပ်အား စောင့်ကြည့်နိုင်ရန်အတွက် ၎င်းတို့၏ UAV စနစ်များအား တိုးချဲ့ဆောင်ရွက်ရန် လုပ်ဆောင်ပြီး ဖြစ်သည်။ ပင်လယ်ပြင် စောင့်ကြည့် ကင်းထောက်ရေးအတွက်လည်း အလယ်အလတ် အမြင့်နှင့်အချိန် ကြာကြာပျံသန်းနိုင်သော (MALE UAV) များအား အသုံးပြုသွားမည် ဖြစ်သည်။ ၎င်းအတွက Searcher အမျိုး အစား၊ Heron အမျိုးအစားနှင့် Harop အမျိုးအစား လက်နက် တပ်ဆင်ထား သော UAV များကို အသုံးပြုသွားမည် ဖြစ်သည်။ ၎င်းလေယာဉ် သုံးမျိုးစလုံးသည် အစ္စရေးလေတပ်မှ  ထုတ်လုပ်သော လေယာဉ်များဖြစ်ပြီး   အစ္စရေး UAV များအတွက် အိန္ဒိယသည် ကြီးမားသော ဈေးကွက်ဖြစ်လျက် ရှိသည်။ အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ဈေးကွက်အား ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ အနေဖြင့် လက်ရှိအသုံးပြုနေသော UAV လေးမျိုး၊ စမ်းသပ်ဆဲ UAV နှစ်မျိုးရှိသည်။   Cyber Eye အမျိုးအစား  UAV  စနစ်သုံးခုအား မလေးရှားနိုင်ငံမှ ၂ဝဝ၉ ခုနှစ်တွင် စတင် ဝယ်ယူ အသုံးပြုခဲ့သည်။ Aerostar UAV အား Aeronautics Defence System မှ ပုံစံရေးဆွဲ ထားပြီး ၂ဝ၁ဝ ပြည့်နှစ်မှ စ၍  ၎င်းစနစ်တစ်ခုအား ဝယ်ယူ အသုံးပြုခဲ့သည်။ Raven အမျိုး အစား UAV နှင့် Searcher I,II UAV များအားလည်း အသုံးပြုလျက်ရှိသည်။ စမ်းသပ်ဆဲ UAV များအနေဖြင့် G-Star UAV  သည် အမေရိကန်လုပ် Mini Falcon UAV အားအခြေခံ၍ ထိုင်းလေတပ်မှ စမ်းသပ်လေယာဉ် အဖြစ် ဆောင်ရွက်နေသော UAV ဖြစ်ပြီး RQ-8A UAV အားလည်း Nor-throp Grumman ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရ သည်။
ထိုင်းနိုင်ငံ၏ UAV စနစ် ဖွံ့ဖြိုးရေးအား ထိုင်းလေတပ်မှ အဓိကအဖွဲ့ အစည်းအဖြစ် ဆောင်ရွက်လျက် ရှိပြီး ၂ဝဝ၉ ခုနှစ်မှစ၍ UAV မဟာဗျူဟာ စီမံချက် ရေးဆွဲ ဆောင်ရွက် ခဲ့သည်။ ၎င်းစီမံချက်၌ ၁၅ ကီလိုမီတာ၊ ကီလိုမီတာ ၃ဝ နှင့် ကီလိုမီတာ ၁ဝဝ စသည့် အကွာအဝေး အလိုက်အသုံးပြုနိုင်သော UAV များ ထုတ်လုပ်နိုင်ရေး သုတေသန လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ များ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
စစ်ဘက်ဆိုင်ရာ လေကြောင်း ကဏ္ဍ၌ ကျယ်ပြန့်စွာ နေရာယူထားပြီး ဖြစ်သော UAV လေယာဉ်များအား  အရှေ့တောင် အာရှအာဆီယံ ၁ဝ နိုင်ငံအနက် မှ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်ခြောက် နိုင်ငံ၌ ကျယ်ပြန့်စွာ အသုံးပြုခြင်း၊  စမ်းသပ်ခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားခြင်းတို့ ဆောင်ရွက်နေကြပြီ ဖြစ်သည်။ UAV သည် စစ်ဘက်တွင်သာ မက အရပ်ဘက်ဆိုင်ရာ လုပ်ငန်းမျိုးစုံကိုလည်း အချိန်၊ လူနှင့်ငွေ အင်အား သက်သာစွာ ဆောင်ရွက်နိုင်သောကြောင့် UAV စနစ်အား စစ်ဘက်၊ အရပ်ဘက် ပူးပေါင်း၍ သုတေသနပြုခြင်း၊ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းတို့အား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။  

No comments:

Post a Comment