24 October 2013

ဟဲဟိုးလေဆိပ်တွင် ပြေးလမ်းတိုးချဲ့ခြင်းနှင့် ညအသုံးပြုနိုင်ရန် စက်ကိရိယာများတပ်ဆင်

၂၄.၁၀.၂၀၁၃

ပြည်တွင်းလေဆိပ်များတွင် ခရီးသည် ၀င်ထွက်မှုအများဆုံး ဟဲဟိုးလေဆိပ်အား ယခုဘဏ္ဍာရေးနှစ်တွင် ပြေးလမ်းတိုးချဲ့ခြင်းနှင့် နေ့ည ဆင်းသက် အသုံးပြုနိုင်အောင် ...Instrument Landing System များ တပ်ဆင် ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''၂၀၁၂ဘဏ္ဍာရေးနှစ်မှာ ခရီးသည် ၀င်ထွက်မှုအများဆုံး လေဆိပ်တွေရဲ့ လေဆိပ်ပြေးလမ်း တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားရာနေရာ တိုးချဲ့တည်ဆောက်ခြင်း၊ နေ့ည ဆင်းသက် အသုံးပြုနိုင်အောင် Instrument Landing System များ တပ်ဆင်ခြင်းတွေကို ပြုလုပ်နေပါတယ်''ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ပြည်တွင်းလေဆိပ်များအနက် ဟဲဟိုး လေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည်ဝင်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦးလေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် ၃၇၀၀၀၀ ကျော် ၀င်ထွက်မှုရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်တွင်းလေဆိပ်များအား တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ်မူတည်၍ ဦးစားပေးရွေးချယ် လုပ်ကိုင်လျက်ရှိသည်။

လာမည့် ၂၀၁၄ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနားလေဆိပ်များ၏ ခရီးသည်အဆောက်အအုံများကို တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 https://www.facebook.com/taunggyimedia?ref=stream

No comments:

Post a Comment