အကိုက်အခဲပျောက်ဆေး ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

ပါရာစီတမောလ်ဆေး
၅၀၀ မီလီဂရမ် ဆေးပြားအား လိုအပ်သည်ထက် ပိုမို သောက်သုံးမိပါက အဆိပ်သင့်
သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဦးစန်းထွေးက ပြောကြားသည်။
“အခြား ဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့
ရှိကြတယ်။ ဒီဆေးရဲ့ အဓိက ဘေးထွက်ဆိုးကျိုးက အသည်းရဲ့ လုပ်ဆောင်မှုကို
တိုက်ခိုက်တာပဲ။
အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင်
ပါရာစီတမောလ် ၅၀၀ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး” ဟု ၎င်းက ထပ်မံ
ပြောကြားသည်။
ပါရာစီတမောလ် လွန်ကဲသည့် လက္ခဏာများမှာ
ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်
ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး
အဆိုးဆုံး လက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊
အစာအိမ် အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွား တတ်ပြီး
နောက်ဆုံး အခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှ
ဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊
ဆေးရည်၊ စအိုတွင်းထည့် ဆေးတောင့် စသည်ဖြင့် ဆေးဝါးပုံစံ
အမျိုးမျိုးရှိကြောင်း သိရသည်။
“ဒီဆေးကို ပုံမှန်သောက်မယ်၊
စနစ်တကျသာ သောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာ၊
အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိ ဖျားနာတာတွေ
ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက
ဒီဆေးနဲ့ မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊
အသက်ရှူရတာ
ခက်တာ၊ မျက်နှာ၊ လျှာနဲ့ လည်ချောင်းစတဲ့ အစိတ်အပိုင်းတွေ
ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့ လူနာတွေမှာ တွေ့ရတယ်” ဟု အထက်ပါ
ဆရာဝန်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့်
လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေး စားရင်း
ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြခြင်းများကို ရှောင်ရှားသင့်ပြီး
အထက်ဖော်ပြပါ လက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကို
ရပ်ပြီး ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှုခံယူသင့်ကြောင်း
အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်။
ချစ်ဆုဆွေ
https://www.facebook.com/MyawadyNews?ref=stream
No comments:
Post a Comment