
သင့်ကျန်းမာရေး (ကိုယ်ဝန်ဆောင်နှင့် ငှက်ဖျား)
အဓိပ္ပာယ်။ ။ ငှက်ဖျားရောဂါဟာ
မြန်မာနိုင်ငံမှာ တွေ့ရအများဆုံး ရောဂါလည်းဖြစ်တယ်။ ငှက်ဖျားပိုးဖြစ်တဲ့
အင်နိုဖိလစ်ခြင်မ အကိုက်ခံရလို့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖယ်ဆီပါရက်
ငှက်ဖျားနဲ့ ပိုင်းဖက် ငှက်ဖျားနှစ်
မျိုးပဲ တွေ့ရတယ်။ ကိုယ်ဝန်ဆောင် မိခင်၌
ဖြစ်ပွားသော ဖယ်ဆီပါရက် ငှက်ဖျားဟာ လူ့အသက် နှစ်သက်ကို ဇီဝိန် ခြွေနိုင်တဲ့
ငှက်ဖျား မျိုးပဲဖြစ်တယ်။ မိခင်နဲ့ ကလေးအသက်အတွက် မိခင်နဲ့ နီးစပ်တဲ့
ဆွေမျိုး အားလုံးမှာ တာဝန်ရှိတယ်။
ကူးစက်ခြင်း။ ။ ငှက်ဖျားရောဂါဟာ စိမ့်စမ်း
ရေသောက်ခြင်း၊ ရေချိုးခြင်းကြောင့် မဖြစ်ပါ။ ငှက်ဖျားဟာ ငှက်ပျောသီး၊
သင်္ဘောသီး၊ မျှစ်စသည် များ စားသောက်ခြင်း ကြောင့် မကူးပါ။ ငှက်ဖျားရောဂါဟာ
လူတစ်ဦးမှတစ်ဦး အတူနေ၍ မကူးပါ။ ရောဂါရှိတဲ့ အင်နိုဖိလစ်ခြင်မ အကိုက်ခံမှ
ကူးစက်ခံရတာ ဖြစ်တယ်။ တခြားနည်းနဲ့ ကူးစက်ခြင်းမှာ ငှက်ဖျားပိုးပါတဲ့
သွေးသွင်းမိခြင်း၊ ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကူးစက်ခြင်း (မိခင်မှ
သန္ဓေသားသို့ ကူးစက်မှု အလွန်နည်းပါတယ်) နဲ့ ကူးစက်နိုင် ပါတယ်။
ငှက်ဖျားရောဂါဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်ပွားနိုင်တယ်။
ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်မှာဖြစ်ပွား ရင် ရောဂါပြင်း ထန်နိုင်တယ်။
ကိုယ်ဝန်ဆောင်ငှက်ဖျားဖြစ်ရင်
သွေးအားနည်းခြင်း၊ အိမ်မှုကိစ္စ အနည်းငယ် လုပ်ရုံနဲ့ မောပန်းနွမ်း နယ်ခြင်း၊
ရင်ကျပ်ခြင်း၊ အားအင်ကုန် ခန်းခြင်း၊ သားလျှောနိုင်ခြင်း၊ ကိုယ်ဝန်လမစေ့
မွေးခြင်း၊ ကိုယ်အလေး ချိန်ပေါင်မပြည့် မွေးခြင်း၊ မွေးဖွားပြီး
သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆောင် နေစဉ်၊ မီးဖွားစဉ်နဲ့ မီးဖွားပြီး ကာလအတွင်း
အသက် အန္တရာယ် ကြုံတွေ့ နိုင်ခြင်းတို့ ဖြစ်နိုင်သည်။

ကာကွယ်ခြင်း ။ ငှက်ဖျားမဖြစ်ရအောင်
ငှက်ဖျားအဖြစ်များသော ဒေသသို့ သွားရောက်လည်ပတ်ခြင်းများ ရှောင်သင့်တယ်။
အကြောင်း အမျိုးမျိုးကြောင့် ငှက်ဖျား ဒေသ သို့ ရောက်ရင် နေဝင်ချိန်မှ
ညအိပ်ရာ မဝင်ချိန်ထိ အဝတ်အစား ထူထူ ရှည်ရှည် ဝတ်ရတယ်။ ခြင်အကိုက်မခံရအောင်
ယပ်ခတ်နေရမယ်။ ခြင်မကိုက် ဆေးလိမ်း နိုင်တယ်။ ညအိပ်ရာ ဝင်ချိန်မှာ
ဆေးရည်စိမ် ထားသော ခြင်ထောင်နဲ့ အိပ်ရ မယ်။ ခြင်ထောင် ကို ဆေးရည်စိမ်ပါ။
ဘယ်အချိန် အိပ်အိပ်၊ ဘယ်မှာအိပ်အိပ် ဆေးစိမ်ခြင်ထောင် သုံးရမယ်။
မီးခိုးမှိုင်း တိုက်ခြင်း၊ ခြင်ဆေးထွန်းခြင်း မလုပ်ရဘူး။ မီးခိုးမှိုင်းနဲ့
ခြင်ဆေးရှူမိလို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ များဖြစ်ပွားနိုင် ပြီး
သန္ဓေသား ထိခိုက်စေတယ်။
ငှက်ဖျားဖြစ်လျှင်။ ။ ငှက်ဖျားဖြစ်လျှင်
အနီးဆုံး ကျန်းမာရေးဆေးခန်းသို့ သွားပြီး ၂၄ နာရီအတွင်း ဆေးကုသမှု
ခံယူသင့်တယ်။ ကိုယ်ဝန်ဆောင်နဲ့ သင့်တဲ့ ငှက်ဖျား ဆေးများကို ကျန်းမာရေး
ဌာနက ညွှန်ကြားတဲ့ အတိုင်း ဆေးပတ်ပြည့်အောင် သောက်ရမယ်။
အစားအစာ။ ။ ဖျားရင် ထမင်းမစားဘဲ သစ်သီးနဲ့
ဟင်းရွက် ဖျော်ရည် သောက်သင့်တယ်။ ဆန်ပြုတ်၊ ခေါက်ဆွဲမြူစွမ်ပြုတ်၊
စွပ်ပြုတ် သောက်သင့်တယ်။ အာဟာရ ဓာတ်နဲ့ အရေးပါတဲ့ ဗီတာမင်ပါ ဝင်တဲ့ ဆေးတွေ
သောက် သင့်တယ်။ တရုတ်ဆီးသီး၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီ၊ သရက်သီး၊ ကန်စွန်းဥ၊
ငရုတ်သီး၊ ရေကန်စွန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စတော်ဘယ်ရီသီး၊
ကီဝီသီးစားနိုင်တယ်။ ။
ဒေါက်တာလွင်သန့်
http://www.myawady.net.mm/stories/healthstories
No comments:
Post a Comment