13 December 2013

မီးရှူးတိုင် ထွန်းညှိသည့် မြားတွင် မီးမပါဟုဆို

၂၀၁၃ နေပြည်တော်၊ ဒီဇင်ဘာ ၁၂

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပခဲ့ရာ ပွဲကြည့်စင်ပေါ်ရှိ ကြာပွင့်ပုံ မီးရှူးတိုင်ကို ပစ်ခတ်၍ မီးထွန်းညှိရာတွင် မြား၌ မီးစွဲခဲ့သော်လည်း စောစီးစွာ မီးငြိမ်းခဲ့ခြင်း ဖြစ်ကြောင်း မြားပစ်ခဲ့သည့် အားကစားသမား ဝေလင်းဖြိုးက ပြောကြားသည်။

မီးရှူးတိုင်ကို မြားဖြင့် ပစ်ခတ်၍ ထွန်းညှိရာတွင် မြားတံ မရောက်မီ မီးရှူးတိုင်က မီးတောက်ခဲ့ခြင်းတို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ၎င်းက ယင်းသို့ ရှင်းပြခြင်း ဖြစ်သည်။ “မီးကိုတော့ ကျွန်တော် မြားတံဆီ ကူးလိုက်ပါတယ်။ ဒါပေမဲ့ အချိန်စောပြီး ငြိမ်းသွားတာပါ” ဟု ၎င်းကဆိုသည်။

ကြာပန်းမီးခွက်မှာ အလိုအလျောက် စနစ်ဖြင့် မီးလင်းလာခဲ့ခြင်း ဖြစ်ရာ ၎င်းအနေနှင့် ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ် နိုင်ခဲ့ကြောင်း၊ မြားပစ် ခတ်လိုက်သော အချိန်တွင် ပရိသတ်များ အပေါ်သို့ မီးပွားများ ကျမည်ကို စိုးသဖြင့် မီးငြိမ်းသွားရန် ယခုကဲ့သို့ အစီအစဉ် ဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မီးရှူးတိုင်ကို ရန်ကုန်မှ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ တွင် စတင် သယ်ဆောင်လာပြီး ဖွင့်ပွဲ အခမ်းအနား ကျင်းပသည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းသို့ ညနေ ၆ နာရီခန့်တွင် မြန်မာ့လက်ရွေးစင် အားကစားသမား ဟောင်းများက လက်ဆင့်ကမ်း သယ်ဆောင်လာခြင်း ဖြစ်သည်။

ယင်းနောက်တွင် မြားပစ် လက်ရွေးစင်ဟောင်း ဝေလင်းဖြိုးက ပန်းရထားဖြင့် တက်ကာ ယင်းမီးရှူးတိုင်မှ မီးကိုမြားတွင် ကူး၍ ကြာပွင့်ဆီသို့ ပစ်ခတ် ထွန်းညှိရမည် ဖြစ်သော်လည်း ကြာပွင့်မှာ ၎င်းပစ်လိုက်သည့် မြားမရောက်ခင်ကပင် မီးတောက်နေကြောင်း ဖွင့်ပွဲ ကြည့်ရှုသူများက ဝေဖန် ပြောကြားကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အားကစားဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း အချိန်မီ ပြန်လည် ဖြေကြားခြင်း မရှိပေ။

The Voice Weekly

Published with Blogger-droid v2.0.10

No comments:

Post a Comment