
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ပေးသည့် အဖွဲ့များအား နိုင်ငံတော်သမ္မတက တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ယနေ့ညနေ (၅) နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အားပေး နှုတ်ဆက်ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ရာတွင် ပါဝင်ခဲ့ကြသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ ပေးခဲ့သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ ပေးခဲ့သူများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။
Liaison Officer အဖွဲ့ကိုယ်စား ဦးနိုင်ခေတ္တရာ၊ Volunteer အဖွဲ့ကိုယ်စား ဦးဟန်လင်းအောင်၊ Work Force အဖွဲ့ကိုယ်စား ဦးနေလင်း၊ GMS အဖွဲ့ကိုယ်စား နည်းပညာတက္ကသိုလ် (တောင်ကြီး)မှ ကထိက ဦးအောင် ကျော်ဦး၊ ဗဟိုနည်းပြ၊ ဆင့်ပွားနည်းပြ၊ အုပ်ချုပ်သူ နည်းပြ၊ Countdown အစီအစဉ် စောင်းတော် သိင်္ဂါဆိုင်း မင်္ဂလာအစီအစဉ်၊ စစ်ရေးပြအဖွဲ့နှင့် ရွှေအုန်းပင် ဦးဝင်းမြင့် ကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ အမျိုးသား အမွေအနှစ် မဟာပုဂံ၊ မျိုးဆက်သစ်တို့ အားမာန်၊ တို့မြန်မာ့ခြင်းလုံး အစီအစဉ်များကို သင်ကြားပေးသူများ ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်အုန်းရီ၊ သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ အနာဂတ်ကမ္ဘာမြေ အစီအစဉ်များကို သင်ကြားပေး သူများကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်စန်းနု၊ ရွှေနိုင်ငံကကြိုနေမယ်၊ ပြန်ဆုံမယ်၊ ဆင်ရတနာအက အစီအစဉ်များကို သင်ကြားပေးသူများ ကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်နုနုခင်၊ ပွဲဦးအလင်္ကာ၊ ရောင်စုံပန်းများ၏ မြစ်ကြေးမုံ၊ အားမာန်ဝင့်ချီ ရှေ့သို့ဆီ အစီအစဉ်များကို သင်ကြား ပေးသူများကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်နုနုစိန်၊ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် ဗီဒီယို၊ ဓာတ်ပုံ ပညာရှင်များ ကိုယ်စား ဒါရိုက်တာ အကယ်ဒမီ စင်ရော် မောင်မောင်၊ တေးရေး၊ တေးဆို၊ တေးဂီတနှင့် တေးသံရှင်များ ကိုယ်စား အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခ (ဂီတ) ဦးမောင်မောင်ဇော်ထက် (တေးရေးဓီရာမိုရ်)၊ ဒီဇိုင်နာအဖွဲ့နှင့် ဆိုင်းဘုတ်ကိုင် အဖွဲ့ ကိုယ်စား ဒီဇိုင်နာ မမဉ္ဇူ၊ မိတ်ကပ် ပညာရှင်၊ မိတ်ကပ်အဖွဲ့၊ အစီအစဉ်တင်ဆက်သူနှင့် အခမ်းအနားမှူးများ ကိုယ်စား Twelve Plus One Cosmetic Co.,Ltd. မှ ဒေါ်စီဆဲခမ်းလိုင်နှင့် နေပြည်တော် ကောင်စီ နယ်မြေမှ အထောက်အကူပြု အဖွဲ့များကိုယ်စား နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေတို့က ဂုဏ်ပြုလွှာများ လက်ခံရယူ ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုနှုတ်ခွန်းဆက် အမှာစကားကို ဗီဒီယိုရုပ်သံဖြင့် ထုတ်လွှင့်ပြသသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ ပေးခဲ့သူများအား လှည့်လည် နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော် သမ္မတက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲ တည်ခင်း ဧည့်ခံချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သံစုံ တီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်သည်။
ယနေ့ ကျင်းပသည့် အခမ်းအနားသို့ အနုပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆက်သွယ် ဆက်ဆံရေး အရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေး လူငယ်များ စုစုပေါင်း (၁၅၅၆၂)ဦးတက်ရောက် ခဲ့ကြသည်။
အလားတူ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်သမ္မ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ ပေးသည့် အဖွဲ့များအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားသို့ လုပ်အားပေး မောင်မယ် စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

refind; https://www.facebook.com/MyanmarPresidentUTheinSein?ref=stream&hc_location=timeline
No comments:
Post a Comment