27 March 2014

လျှပ်စစ်ဓါတ်အားခနှုန်းထား တိုးမြှင့်ကောက်ခံခြင်းနှင့် ပက်သက်၍ တွေ့ဆုံရှင်းလင်းပွဲ ကျင်းပ

 071
တောင်ကြီး မတ် ၂၃

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓါတ်အားခနှုန်းထား တိုးမြှင့်ကောက်ခံခြင်းနှင့် ပက်သက်၍ တွေ့ဆုံရှင်းလင်းပြောကြားခြင်းကို မတ်လ (၂၃)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သိန်းဦး တက်ရောက်၍ ရှင်းလင်းပြောကြားသည်။

   အဆိုပါ ရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

   ဒုတိယဝန်ကြီး ဦးအောင်သိန်းဦးမှ “ ပြည်သူအားလုံး ဓါတ်အားသုံးစွဲနိုင်ပြီး စက်မှုနိုင်ငံအဖြစ် ထူထောင်နိုင်ရန်အတွက် ဓါတ်အားလုံလောက်မှုရှိရန် အဓိက လိုအပ်ပါကြောင်း၊ ဓါတ်အားဈေးနှုန်း ပြင်ဆင်ရခြင်း အကြောင်းရင်းကို သိရှိရ၍ လျှပ်စစ်ဓါတ်အားကို အကျိုးရှိစွာ အသုံးပြုပါရန် လိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူများကို အရည်အသွေးရှိပြီး စိတ်ချယုံကြည်ရသည့် ဓါတ်အားသုံးစွဲနိုင်ရန် ကြိုးစားနေချိန် ဖြစ်ပါကြောင်း၊ မိမိသုံးစွဲသည့် ဓါတ်အားခကို မှန်မှန်ကန်ကန်ပေးချေခြင်းဖြင့် မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားကဏ္ဍကို ကူညီနိုင်ပါကြောင်း၊ ဓါတ်အား (၁၁၃)မဂ္ဂါဝပ် ထုတ်လုပ်သည့် ဓါတ်အားပေးစက်ရုံ တည်ဆောက်ပါက အမေရိကန်ဒေါ်လာသန်း (၁၅၀)ခန့် ကုန်ကျပြီး လစဉ်ဓါတ်အားခ (၂၈၄၇)ကျပ်သန်းခန့် သက်သာမည်ဖြစ်ပြီး တစ်နှစ်လျှင် (၃၄.၁၇) ဘီလီယံကျပ် သက်သာသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မလိုအပ်သောမီးကိုပိတ်၍ ချွေတာခြင်းဖြင့် နိုင်ငံတော်အတွင်းရှိ ဓါတ်အားမလုံလောက်မှု၊ ဓါတ်အားမသုံးရသေးသူများကို ကူညီရာ ရောက်ပါကြောင်း” တိုက်တွန်း ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ ဒေသအတွင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြဆွေးနွေးသွားပြီး၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးထားရှိမှုနှင့် တိုးချဲ့တည်ဆောက်နေသော လုပ်ငန်းများအား Projector (ပရိုဂျက်တာ) ဖြင့် ရှင်းလင်းပြောကြားသည်။

   ထို့နောက် အထွေထွေ ဆွေးနွေးကြရာ တက်ရောက်လာသူများမှ မရှင်းလင်းသည့် အချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
refind;http://www.shanstate.gov.mm

No comments:

Post a Comment