21 March 2014

ရှမ်းပြည်နယ်အတွက် မီးငြှိမ်းသတ်ယာဉ် (၁၉)စီးလွှဲပြောင်းပေးအပ်ခြင်း

 067
ပြည်ထဲရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွက် ဒေါင်ဖန်းအမျိုးအစားရေဂါလံ(၈၈၀)ဆံ့ မီးငြှိမ်းသတ် ယာဉ် (၁၉)စီးလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မတ်(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ အဖွင့်အမှာစကားပြောကြားရာ “ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အပြင် ဘက်ပေါင်းစုံမှ တိုးတက်မှုရှိစေရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် သောပြည်နယ်ကြီးတစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်မှတိုးတက်အောင် ဆောင်ရွက်နေရချိန်တွင် တစ်ဖက်မှလည်း သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ပြီး ပြည်သူလူထု တစ်ရပ်လုံး၏ စည်းစိမ်ဥစ္စာများ၊ အသက်အိုးအိမ်များကို စောင့်ရှောက်လျက်ရှိပါကြောင်း၊ နှစ်စဉ်ကြုံတွေ့ နေရသော မီးဘေးအန္တရာယ်နှင့်ရေကြီးနှစ်မြှပ်သည့်ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၀၄ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း ရှမ်းပြည်နယ်တွင် မီးလောင်မှုအကြိမ်ပေါင်း (၅၃၀)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း(၆၄၅.၄၅၆)ကျပ်သန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၄ခုနှစ် ဇန်နဝါရီလမှဖေဖော်ဝါရီလကုန်အထိ မီးလောင်မှု(၂၄)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက်အဦး (၃၈)လုံးမီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း(၁၈.၆၁)သန်း ဆုံးရှုံးမှုတွေ့ရှိရကြောင်း၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးကာကွယ်ရေး၊ ရှာဖွယ်ကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး ဟူသည့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့်အချိန်တွင် အထောက်အကူ ပစ္စည်းများ၊ ယဉ်စက်များ လုံလောက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုလို မီးငြှိမ်းသတ်ယာဉ်များကို ယခုကဲ့သို့ဖြည့်ဆည်းပေးနေခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့်လည်း လာမည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် မီးငြှိမ်းသတ်ရေသယ်ယာဉ်၊ မီးသတ်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ရန် ဘဏ္ဍာငွေများထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း” ပြောကြားသွားသည်။

   ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူမှ မီးသတ်ယာဉ်များ လွှဲပြောင်း ပေးအပ်ရခြင်းနှင့် ပက်သတ်ပြီး ရှင်းလင်းတင်ပြပြီးနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ မီးသတ်ယာဉ်(၁၉)စီးနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ လက်ခံရယူသည်။ ထို့နောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ရပ်မိရပ်ဖ ဦးတင့်ဆွေမှ ကျေးဇူးတင်စကားပြောကြားပေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   ထို့နောက် ရှမ်းပြည်နယ်ဒုတိယလွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများသည် မီးသတ်ယာဉ်(၁၉)စီး လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ စုပေါင်းရိုက်ကူးပြီးနောက် ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ အသစ်ရောက်ရှိ မီးသတ်ယာဉ်များစွမ်းရည်၏ စွမ်းရည် ပြသမှုကို ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သူနာပြု သင်တန်းကျောင်းမှသူနာပြုဆရာမများ၊ ပညာရေးကောလိပ်မှ ဆရာမများ၊ NGO/INGOများ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm

No comments:

Post a Comment