
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ်လ (၂၀)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင်တောင်ကြီးမြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဒုတိယအင်ဂျင်နီယာမှူးများနှင့် အင်ဂျင်နီယာမှူးများမှ မိတ်ဆက်စကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ “ရှမ်းပြည်နယ်အတွင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ပြည်ထောင်စုအစိုးရဘဏ္ဍာငွေ အစီအစဉ်ဖြင့်ဆောင်ရွက်သည့်လမ်း (၃၈)လမ်း၊ ပြည်နယ်အစိုးရဘဏ္ဍာငွေ အစီအစဉ်ဖြင့်ဆောင်ရွက်သည့်လမ်း (၁၃၃) လမ်း၊ စုစုပေါင်းလမ်း (၁၇၁)လမ်းရှိပြီး မိုင်ပေါင်း (၆၃၉)မိုင် (၄)ဖာလုံ ဖြစ်ပါကြောင်း၊ ပေ(၁၈၀)အထက် တံတားကြီး(၅၆)စင်း၊ ပေ(၁၈၀)အောက်တံတား ရေပြွန် (၁၃၈၈၇)စင်း စုစုပေါင်းတံတား (၁၃၉၃၃)စင်း ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောင်ရွက်သည့် လမ်းမိုင် (၂၃၄၇၈)မိုင် (၆)ဖာလုံ ဖြစ်သဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လမ်းမိုင်မှာ (၂၇%)ခန့် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဝန်ထမ်းများသည် နိုင်ငံတကာဆက်သွယ်ရေးလမ်း၊ ပြည်ထောင်စုလမ်း၊ ပြည်နယ်လမ်းများကို တည်ဆောက်ထိန်းသိမ်းရုံ သာမက တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကိုယ့်အားကိုယ်ကိုးလမ်းများအထိ အရောက်သွား၍ ကူညီနည်းလမ်းပေးခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာမှာဖြစ်ပါကြောင်း” လမ်းညွှန် မှာကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်ဂျင်နီယာမှူးများက လုပ်ငန်းဆိုင်ရာများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းချက်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထပ်မံဖြည့်စွက်၍ နိဂုံးချုပ် အမှာစကားပြောကြားသွားသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ရှမ်းပြည်နယ်)မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm
No comments:
Post a Comment