![]() |
၅ ရက်က တိမ်းမှောက်သွားသော သစ်ခိုးတင်လာသည့် တရုတ်နိုင်ငံသားပိုင် (သတ္တုကျောက်တင်)ကား တရုတ်သို့ သစ်များခိုးထုတ်နေသော သတ္တုတင်ကားများ |
သျှမ်းသံတော်ဆင့်
မတ်ခ်ျလ ၂၆ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ကူးတို့ဆိပ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ အများအပြားတင်ပို့နေသော သတ္တုကျောက်တင် ကားတချို့တွင် သစ်များပါ ခိုးထုတ်နေကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။
အဆိုပါ သတ္တုတ င်ကားများသည် တရုတ်နိုင်ငံသားပိုင် ကားများဖြစ်ကြောင်း၊ ဒေသခံ ကားများ အသုံးမပြုခြင်းမှာ ထိုသို့ သစ်များခိုးထုတ်ရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ဒေသခံ ကားသမားစိုင်းယီက ဆိုသည်။
“မနေ့က မနက်ပိုင်းက သတ္တုကျောက်တင်ကား ၅ စီး မိုင်းဝီးဘက်ကနေ လာတာ သစ်တွေ ခိုးတင်လာတယ် လေ။ ခွဲသားသစ်တွေကိုတန်ပို (Over weight) တင်လာရင်း လမ်းမကောင်းလို့ နောက်ကြောင်း ပြန်လှည့်တာ တစ်စီးက အောင်မေတ္တာ ရပ်ကွက် လမ်းအကွေ့ တစ်နေရာမှာ တိမ်းမှောက် သွားတယ်၊ ကျန်လေးစီးကတော့ လွှတ်ရာ မောင်းပြေးကြတာ၊ ရပ်ကွက် သားတွေက မှောက်နေတဲ့ ကား မိုးကာ သွားဖွင့်ကြည့်လိုက်တော့ ခွဲသားသစ်တွေ ချည်း တင်ထားတာတွေ့ရတယ်” ဟု ၄င်းက ပြောပြ သည်။
ပြည်သူလူထုအား ထိခိုက်မှု မရှိအောင် ဒေသတွင်း ပြေးဆွဲနေသော သတ္တုတင် ကားများ မိုးကာများဖြင့် ဖုံးအုပ် ရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ အမိန့် ထုတ်ထား သည်။
တရုတ်ပြည်ပိုင်ကားများက ၄င်းအမိန့်ကို အခွင့်ကောင်းယူကာ မြန်မာပြည်ဘက်မှ တရားမဝင် သစ်ခိုးထုတ်နေမှုကို ကားတိမ်းမှောက်မှသာ သိရှိရကြောင်း နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက်အကူအပြု အဖွဲ့က ပြောပါ သည်။
ထိုသို့ သစ်များ ခိုးထုတ်နေသည့်အမှုအပေါ် ဒေသတွင်း အာဏာပိုင်များမှ မည်သို့ တရားစီရင် ဆုံးဖြတ်မည်ဟူသည်ကိုလည်း ဒေသခံများက စိတ်ဝင်စားနေကြကြောင်း နမ့်ခမ်းမြို့ခံများက ပြောပါသည်။
သျှမ်းသံတော်ဆင့်