ငွေကြေးမတတ်နိုင်သူများအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုဖြင့်
ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန်
ပြောကြား
ငွေကြေးမတတ်နိုင်သူများအတွက် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၃၁ ရက်တွင် နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။ငွေကြေးမတတ်နိုင်သော အများပြည်သူအတွက် နိုင်ငံတော်မှ ငွေကြေးရင်းနှီးမြှုပ်နှံ အကုန်အကျခံပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်ဆောင်ရွက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းအပိုင်းက ငွေကြေးမတတ်နိုင်သော အများပြည်သူအတွက် ပြည်သူများ စိတ်ချမ်းသာစွာ ကုသနိုင်မည့် ပြည်သူများ ယုံကြည်အားကိုးရသော ပြည်သူ့ဆေးရုံများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းဖြင့် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရပိုင်းကလည်း ဘဏ္ဍာရေး အသုံးစရိတ် တိုးတက်သုံးစွဲရာတွင် အဆောက်အအုံနှင့် ဆေးဝါးသာမက ဆေးရုံသုံးစက်ကိရိယာများ၊ ခွဲစိတ်ခန်းသုံး ကိရိယာများအပါအ၀င် ကျေးလက်မှနေ၍ ဆွေမရှိ၊ မျိုးမရှိ ဆေးရုံတက်ရသည့်အချိန်တွင် လူနာရော လူနာစောင့်ပါ အဆင်ပြေမည့် အုပ်ချုပ်မှုအစီအမံများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သမ္မတက ပြောကြားသည်။ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြားပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ အဖွဲ့အစည်းအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကျန်းမာရေးမြှင့်တင်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနကိုယ်စားလှယ်များ၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပြီး ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက် တာဝန်ပေးအပ်မည် ဖြစ်ကြောင်းလည်း သမ္မတက ဆိုသည်။
February 1, 2014
Daily Eleven
https://www.facebook.com/MyanmarPresidentUTheinSein

No comments:
Post a Comment