4 February 2014

မေတ္တာရှင် ကုသိုလ်ဖြစ် (အခမဲ့) ဆေးရုံ ခုတင် ၁ဝဝ တည်ဆောက်ရေး အတွက် ကမ္ဘောဇ FC ဘောလုံး အသင်းမှ ငွေကျပ်သိန်း ၁ဝဝ လှူဒါန်း

တောင်ကြီး ဖေဖော်ဝါရီ  ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မေတ္တာရှင် ကုသိုလ်ဖြစ် (အခမဲ့) ခုတင် ၁ဝဝ ဆေးရုံ အဆောက် အအုံ ဆောက်လုပ်ရန် အတွက်
ကမ္ဘောဇ FC ဘောလုံးအသင်းမှ ငွေကျပ်သိန်း ၁ဝဝ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် နဂါးပွက်ကျောင်း ပရိယတ္တိ စာသင်ကျောင်းတိုက် အတွင်းရှိ မေတ္တာရှင် နာမှုကူညီရေးနှင့် ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်း ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မေတ္တာရှင် နာမှုကူညီရေးနှင့် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအသင်း ဥက္ကဋ္ဌ ဦးညွန့်မောင်က အမှာစကား ပြောကြားရာတွင် မေတ္တာရှင် ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်းကို အလုပ်အမှုဆောင် အဖွဲ့ဝင် သြဝါဒါစရိယ ဆရာတော်ကြီးနှင့် ဦးစီးပဓာန နာယက ဆရာတော်ကြီးများ၏ မိန့်ကြားချက်များနှင့် အညီ ဆင်းရဲနွမ်းပါးသူ လူနာများ၊ ငွေကြေး မတတ်နိုင်သဖြင့် ဆေးရုံတက်ရောက်၍ ဆေးမကုသနိုင်သူများ အတွက် ရည်ရွယ်၍ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ရာ ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ် ဧပြီလအထိ အထွေထွေရောဂါ လူနာ ၁၃ဝ၆၄၂ ဦး၊ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ၁၁၈ ဦး၊ မျက်စိဝေဒနာရှင် ၂၆၄ ဦး၊ ဆင်းရဲနွမ်းပါးသည့် လူနာ ၂၆၄ ဦး၊ ဆေးရုံကုသခွဲစိတ် ထောက်ပံ့မှုလူနာ ၇၁ ဦး တို့ကို အခမဲ့ ကုသ စောင့်ရှောက်ပေးနိုင်ခဲ့ပြီး တောင်ကြီးမြို့ ကံသာရပ်ကွက် အကွက်အမှတ် (၃) ဦးပိုင်အမှတ် (၄) မြေဧရိယာ ၁ ဒသမ ၃၈၁ ဧက ပေါ်တွင် ၃၂၉၂၈ စတုရန်းပေရှိသော ကုသိုလ်ဖြစ် (အခမဲ့) ခုတင် ၁ဝဝ အထွေထွေ ရောဂါကု ဆေးရုံကြီးကို ၂ဝ၁၂ ခုနှစ် မေ ၂၂ ရက်တွင် ပန္နက်တင်ခဲ့ပြီး အုတ်မြစ်စီ စတင် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ၄၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
အဆိုပါ ဆေးရုံကြီးကို ၂ဝ၁၄ ခုနှစ် အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ်  သိန်း ၇ဝဝဝ ကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် မေတ္တာရှင် နာမှုကူညီရေးနှင့် ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်း နာယကဆရာတော်ထံ ကမ္ဘောဇ FC ဘောလုံးအသင်း အုပ်ချုပ်သူနှင့် အသင်းသားများက ငွေကျပ်သိန်း ၁ဝဝ ကို ရေစက်ချ လှူဒါန်းကာ တာဝန်ရှိသူ တစ်ဦးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါ တည်ဆောက်နေမှုကို အင်ဂျင်နီယာ ဦးလှဝင်းက အခမဲ့ ပါဝင်ကူညီပြီး ကုမ္ပဏီနှစ်ခုမှ လိုအပ်သည့် စက်ယန္တရားများ ကူညီပံ့ပိုးကာ ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံများမှ ခွဲစိတ်ပါရဂူ ဆရာဝန်ကြီးများ လာရောက် လေ့လာကြည့်ရှုပြီး လိုအပ်သည်များ အကြံပြု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment