3 November 2013

တောင်ကြီးတန်ဆောင်တိုင်တွင်လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံလောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်

31.10.2013

နိုဝင်ဘာ၁၀ရက်၌စတင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်
ပွဲတော်တွင် လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားမှုများကိုခွင့်ပြုမည်မဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေးဆပ်မကော် မတီတွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။

၎င်းက“သည်တစ်နှစ်တော့ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားတွေ မထည့်ဘူး၊ အရင်နှစ်ကလည်း ကျွန်တော်တို့ လောင်းကစားပွဲအနေနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ သတ်မှတ်ပေးတာကို သတ်မှတ်ချက်ဘောင်ကျော်ပြီးတော့ လောင်းကစားဝိုင်းတွေက ပုံစံပြောင်းပြီးလုပ် ဆောင်လာတာတွေရှိခဲ့တယ်”ဟုဆိုသည်

ပြီးခဲ့သည့်နှစ်ကယင်းကဲ့သို့သတ်မှတ်ချက်ဘောင်ကျော်ပြီး
လုပ်ကိုင်သည့် လောင်းကစားဝိုင်းများကို ပြည်နယ်အစိုးရကပွဲမပြီးခင် ပိတ်သိမ်းခိုင်းခဲ့သည်ဟုလည်း ဦးတင်ဝင်းကဆိုသည်။ ယခုနှစ်တွင် လောင်းကစားမှုများကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ၊ ကုမ္ပဏီဆိုင်ခန်းများ၊ ဈေးရောင်းပွဲတော်၊ အစားအသောက် ဆိုင်တန်းများ၊ အ၀တ်အထည် ဆိုင်တန်းများသာပါဝင်မည်ဖြစ်သည်ဟု လည်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်မကော်မတီက သိရသည်။

လောင်းကစားဝိုင်းများပါဝင်ခွင့်မပြုခြင်းနှင့်ပတ်သက်ပြီးတောင်ကြီးဒေသခံ ဒီမိုအရပ်ဘက်လူ့အဖွဲ့အစည်း မှကိုခွန်ခမ်းကောင်က “ကျွန်တော့် အမြင်ကို ပြောရမယ်ဆိုရင်တော့ လောင်းကစားဝိုင်းတွေ လုံးဝမပါဝင် သင့်ပါဘူး၊အဝေးမှာရှိတဲ့ရွာက တောင်သူတွေ၊ တောင်ကြီးမြို့ပေါ်ကသူတွေအတော်များများကသူတို့စုဆောင်းထားတဲ့ ငွေကြေးတွေ
ယူလာပြီး လာလည်တတ်ကြတယ်၊ လည်ရာကနေပြီးတော့ လောင်း ကစားဝိုင်းတွေကြောင့်အိမ်ပေါင်၊ယာပေါင်တွေဖြစ်နေတာ
နှစ်စဉ်ကြားနေရပါတယ်” ဟု ပြော သည်။

ယင်းသို့ လောင်းကစားဝိုင်းများ ခွင့်ပြုမပေးခြင်းကြောင့် ရန်ပုံငွေရရှိမှုအခက်အခဲအနည်းငယ်ရှိသည်ဟု မီးပုံးပျံ ပုံသဏ္ဍာန်အကဲဖြတ်အမှတ်ပေးဒိုင်ဖြစ်သူ ဦးသန်းဇော်က ဆိုသည်။

၎င်းက “သည်တစ်နှစ်က လောင်းကစားဝိုင်းတွေပေးမထည့်တော့ ရန်ပုံငွေအင်အားအနေအထားအရ အခက်အခဲတော့ရှိတာပေါ့၊ ဒါပေမဲ့လည်း လူကြီးတွေကမဖြစ်ဖြစ်အောင် လုပ်ဆောင်မယ် ဆိုပြီးတော့ သနိ္နဋ္ဌာန်ချထားတယ်” ဟု ဆိုသည်။

၂၀၁၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဘဏ္ဍာရေးလုပ်ငန်းကော်မတီမှ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူမှုတွင် လုပ်ငန်းခြောက် မျိုးပါဝင်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ငန်း တင်ဒါမပါ ၀င်ပေ။
https://www.facebook.com/taunggyimedia?ref=stream&hc_location=stream

No comments:

Post a Comment