3 November 2013

တောင်ကြီး မီးပုံးပျံပြိုင်ပွဲဝင်စာရင်း နိုဝင်ဘာ၂ရက်တွင်ပိတ်မည်

30.10.2013

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ အတွက် ပြိုင်ပွဲဝင်မီးပုံးပျံစာရင်းကို နိုဝင်ဘာလ ၂ရက်တွင်စာရင်းပိတ်ပြီး ပွဲတော်ရက်အလိုက် လွှတ်တင်မည့် မီးပုံးပျံများကို မဲနှိုက်ပေးသွားမည်ဟု ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးတင် ၀င်းက မဇ္ဈိမကို ပြောသည်။

ပြိုင်ပွဲဝင်မီးပုံးပျံစာရင်းကို အောက်တိုဘာလ၁၇ရက်မှ ၃၁ရက်အထိ လက်ခံပေးနေပြီး တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကို နိုဝင်ဘာလ၁၀ရက် မှ၁၇ရက်အထိ ကျင်းပမည်ဖြစ်သည်။

“ပြိုင်ပွဲဝင် မီးပုံးပျံတွေကိုလည်း မီးဘေးလုံခြုံရေး ၊ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် နယ်မြေအလိုက် ဒု- ပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကျွန်တော်တို့နဲ့အတူတူ လိုက်လံစစ်ဆေးပေးနေပါတယ်”ဟု
ဦးတင် ၀င်းက ပြောသည်။

မီးပုံးပျံပြိုင်ပွဲဝင်ရန်အတွက် အောက်တိုဘာလ ၂၉ရက်အထိ စာရင်းများအရ ညမီးကြီး (၆၂)လုံး၊ စိန်နား ပန် (၃၀)လုံး၊ နေ့လွတ်ခြေနှစ်ချောင်းအရုပ် (၁၀၃)လုံး၊ နေ့လွတ်ခြေလေးချောင်း အရုပ်(၅၂)လုံး၊ အရုပ် အုပ်စု(၃၂)လုံး လက်ခံရရှိထားပြီဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီအဖွဲ့၏ စာရင်းများအရသိရ သည်။

“အခုလောလောဆယ်စာရင်းအရတော့ ညလွတ်မီးကြီးက ယခင်နှစ်ထက် ၁၇လုံးလောက် လျော့သွားတယ်။ ကုမ္ပဏီ ကြေညာမီးပုံးပျံတွေ မ၀င်တာရယ်၊ တချို့အဖွဲ့တွေက ငွေကြေးအခက်အခဲကြောင့် လျော့နည်း
သွားခြင်းဖြစ်တယ်” ဟု ဦးတင်ဝင်းက ပြောသည်။

မီးပုံးပျံပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်ဦးသန်းလွင်က “ပြိုင်ပွဲဝင် မီးပုံးပျံတွေက ရာသီဥတုအခြေအ နေပေါ်အများကြီး မူတည်ပါတယ်။ ရာသီဥတုအခြေအနေခက်ခဲရင် မီးပုံပျံပြိုင်ပွဲဝင် အဖွဲ့ခေါင်းဆောင်တွေ ခေါ်ပြီး ရက်ရွှေ့ဆိုင်းလွှတ် တင်ပေးဖို့ ပြောဆိုညှိုနှိုင်းရတာတွေလည်း ရှိပါတယ်”ဟု ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် နေ့လွတ်အရုပ်၊ ညမီးကြီး၊ စိန်နားပန် အမျိုးအစားမီးပုံးပျံတို့ ပါဝင်ပြီး မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက် ပြိုင်ပွဲများ ကျင်းပဖြစ်သည်။

တောင်ကြီးမီးပုံးပျံပွဲကို နှစ်စဉ် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိပြီး ၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် နှစ်ပေါင်း၆၀ကျော်ပြီ ဖြစ်သည်။
refind ; https://www.facebook.com/taunggyimedia

No comments:

Post a Comment