24 April 2014

အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(တောင်ကြီး) အပန်းဖြေစခန်း(ညောင်ရွှေ)သို့ ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

 113
တောင်ကြီး   ဧပြီလ  ၂၁
   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ဧပြီလ (၂၁)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် အောင်ချမ်းသာကုမ္ပဏီ၊ Grand Glory ကုမ္ပဏီ၊ Lucky Myanmar ကုမ္ပဏီတို့မှ တာဝန်ယူတည်ဆောက်လျက်ရှိသော တောင်ကြီးခရိုင်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ကျေးရွာအနီးရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဝင်းဌေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများမှ ဆောက်လုပ်ပြီးစီးမှုများကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြပါသည်။

   ဆက်လက်၍ နံနက် (၁၁:၄၅)နာရီအချိန်တွင် ညောင်ရွှေ ယဉ်ကျေးမှုပြတိုက် အထွေထွေ မွမ်းမံခြင်းနှင့် ခင်းကျင်းပြသခြင်းလုပ်ငန်းမှ မြို့နယ်စည်ပင်သာယာရေးဌာနမှ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းပြီးစီးမှုနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ခင်းကျင်းပြသခြင်းအတွက် ပရိဘောဂပစ္စည်းများဖြင့် ဆောင်ရွက်ထားရှိမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း၊ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်မှ ဦးစီးအရာရှိ ဒေါ်နန်းလောဝ်ဟွမ်နှင့် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အင်ဂျင်နီယာမှ လိုက်လံရှင်းလင်းပြသပေးခဲ့ကြပါသည်။

   ၎င်းနောက် နေ့လည် (၁၂:၁၅)နာရီအချိန်တွင် ညောင်ရွှေမြို့ အထက(၁)ကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ၂၀၁၄ခုနှစ်၊ အင်းလေးဘက်စုံထူးချွန်လူငယ် အပန်းဖြေစခန်းဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပမည့် အထက(၁) ညောင်ရွှေသို့ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဟန်၊ ညောင်ရွှေမြို့နယ် ပညာရေးမှူး၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် ညောင်ရွှေမြို့နယ် စည်ပင်အင်ဂျင်နီယာမှူး၊ ညောင်ရွှေ အထက(၁) ကျောင်းအုပ်ကြီးတို့အား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ကြပြီး နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သဖြင့် အလေးထားဆောင်ရွက်ပေးကြရန်ကိုလည်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
refind;http://www.shanstate.gov.mm

No comments:

Post a Comment