10 April 2014

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပ


တောင်ကြီး ဧပြီ ၁၀

   အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ဧပြီ (၁၀)ရက်၊ နံနက် (၉)နာရီခွဲကတောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အမျိုးသားဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စက်မှုဇုန် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာ စကားပြောကြားရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းပြီး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပြန်လည်သုံးသပ်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် သုတေသနပြုလုပ်ပြီး ရရှိခဲ့သော သိရှိချက်များ ဆောင်ရွက်သင့်သော အကြံဉာဏ်များကို အခြေခံ၍ မိမိတို့၏ ပြည်နယ်ဒေသအတွင်း အနည်းဆုံး အခကြေးငွေ စိစစ်သတ်မှတ်ပေးနိုင်ရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ကွင်းဆင်း စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အလုပ်ရှင် အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ပြီး သဘောထား အကြံပြုချက်များ ရယူသွားမှာ ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒေသအတွင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးရန်လိုကြောင်း တိုက်တွန်း ပြောကြားသွားသည်။
   ဆက်လက်၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်နယ်ကော်မတီ(ရှမ်းပြည်နယ်) ဥက္ကဌ၊ ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
   ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်မှ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အချက်အလက်များအား  Powerpoint Presentation ဖြင့် ရှင်းလင်းတင်ပြသည်။
   ၎င်းနောက် တက်ရောက်လာသူများမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးကြပြီး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
refind;www.shanstate.gov.mm

No comments:

Post a Comment