26 April 2014

စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သင်တန်း ပထမအကြိမ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

Written by 
တောင်ကြီး  ဧပြီ  ၂၄
ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် နမ့်ခုံးရှမ်းများ ပရဟိတ အသင်းတို့မှ ပူးပေါင်းဖွင့်လှစ်သည့်
စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သင်တန်း ပထမအကြိမ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် မဟာစည်လမ်းရှိ နမ့်ခုံးရှမ်းများ ပရဟိတအသင်းရုံးခန်းမ၌ ကျင်းပရာ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး နမ့်ခုံးရှမ်းများ ပရဟိတအသင်း ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် သူနာပြု ဦးစီးအရာရှိ အငြိမ်းစား ဆရာမ ဒေါ်နန်းခင်စောက စေတနာ့ဝန်ထမ်း လူထုကျန်းမာရေး လုပ်သား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လင်းခေး၊ မိုင်းရှူး၊ ကွန်ဟိန်း စသည့် ဝေးလံသော ကျန်းမာရေးဦးစီးဌာန၏ လက်လှမ်းမမီသော ဒေသ များတွင် စေတနာ့ဝန်ထမ်း သူနာပြုများ ထားရှိခြင်းဖြင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးက လူထု ကျန်းမာရေးလုပ်သား သင်တန်း လက်စွဲစာအုပ်နှင့် သင်ရိုးညွှန်းတမ်း စာအုပ်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။ အဆိုပါ သင်တန်းကို ပထမအကြိမ်အဖြစ် ဧပြီ ၂၃ ရက်မှ ဇွန် ၂၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကို အငြိမ်းစား သူနာပြု ဆရာမကြီး ဒေါ်နန်းခင်စောက ဦးဆောင်၍ နည်းပြ ဆရာ၊ ဆရာမ ငါးဦးဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၆၂ ဦး တက်ရောက်ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

စာရင်းကိုင် သင်တန်း ဖွင့်လှစ်မည်

တောင်ကြီး  ဧပြီ  ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သမဝါယမ သင်တန်းကျောင်း၌ အစိုးရ အသိအမှတ်ပြု စာရင်းကိုင် သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလမှာ မေ ၅ ရက်မှ သြဂုတ် ၂ဝ ရက်အထိ အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ   ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး  အဆိုပါ Book-Keeping  & Accounting, Advanced Accounting , Computerized  Accounting ( MYOB )စသည့် ဘာသာရပ်များ သင်ကြားမည် ဖြစ်သည်။   သင်တန်း တက်ရောက်လိုသူများ အနေဖြင့်  သမဝါယမ သင်တန်းကျောင်း ဗိုလ်ချုပ်အောင်ဆန်းလမ်း ပြည်တော်သာ ရပ်ကွက်  တောင်ကြီးမြို့သို့  ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။
refind ;http://www.myawady.net.mm

24 April 2014

မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 112
တောင်ကြီး   ဧပြီ   ၂၂
   ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ဧပြီလ (၂၂)ရက်နေ့၊ နံနက် (၉)နာရီတွင် တောင်ကြီးမြို့၊ အထက(၁) စိန်မြင့်မိုရ်ခန်းမတွင် ကျင်းပပြုလုပ်သော တောင်ကြီးသင်တန်းဌာန၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းအား ပြောကြားပေးခဲ့သည်။

   ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီး၏ ပညာရေးလုပ်ငန်းလမ်းညွှန်ချက် (၁၀)ရပ်အနက် မသင်မနေရ မူလတန်းပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်ရေး ဦးတည်လျက် အခြေခံပညာကျောင်းများ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးမှုအရ လမ်းပန်းဆက်သွယ်ရေးနှင့် ပထဝီအနေအထားအရ ခက်ခဲသော နယ်စပ်ဒေသနှင့် ကျေးလက်ဒေသရှိ ကျောင်းများမှ ဆရာများ လိုအပ်လျက်ရှိသောကြောင့် ဆရာအတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက်(၄၀)နှစ်ထက်မကြီးသူများကို နေ့စား(လပေး) မူလတန်း ဆရာ/ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်ပြီး ၂၀၁၃ခုနှစ်၊ ဇွန်လမှစတင်၍ ခန့်အပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ခန့်အပ်ခဲ့ပြီးသော ဆရာ/ ဆရာမများကို ဆရာအတတ်ပညာဆိုင်ရာ သင်တန်းပြီးဆုံးခြင်းလက်မှတ် (Completion Certificate) ပေးအပ်နိုင်ရန်၊ ဆွဲခန့်မူလတန်းဆရာများအနေဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ် သင်ကြားရေးတာဝန်ယူနိုင်ရန်၊ ဆရာအတတ်ပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်းသို့ ဆက်လက်ဆည်းပူးနိုင်ရန်နှင့် ဆရာအတတ်ပညာ အခြေခံကောင်းများ သင်ကြားပေးရန်အတွက် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုလိုထိုသင်တန်းကို တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်မြို့နယ်တို့မှ ဘွဲ့ရဆွဲခန့် ဆရာ/ ဆရာမ (၅၄၃)ဦးတို့ကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများမှ သင်တန်းစည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ပြီး သင်တန်းမှ ပို့ချလိုက်သော ဘာသာရပ်အားလုံးကို မိမိတို့၏ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက် အသုံးချနိုင်သည်အထိ မှတ်သားသင်ယူသွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
refind; http://www.shanstate.gov.mm

အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(တောင်ကြီး) အပန်းဖြေစခန်း(ညောင်ရွှေ)သို့ ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

 113
တောင်ကြီး   ဧပြီလ  ၂၁
   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ဧပြီလ (၂၁)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် အောင်ချမ်းသာကုမ္ပဏီ၊ Grand Glory ကုမ္ပဏီ၊ Lucky Myanmar ကုမ္ပဏီတို့မှ တာဝန်ယူတည်ဆောက်လျက်ရှိသော တောင်ကြီးခရိုင်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ကျေးရွာအနီးရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဝင်းဌေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများမှ ဆောက်လုပ်ပြီးစီးမှုများကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြပါသည်။

   ဆက်လက်၍ နံနက် (၁၁:၄၅)နာရီအချိန်တွင် ညောင်ရွှေ ယဉ်ကျေးမှုပြတိုက် အထွေထွေ မွမ်းမံခြင်းနှင့် ခင်းကျင်းပြသခြင်းလုပ်ငန်းမှ မြို့နယ်စည်ပင်သာယာရေးဌာနမှ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းပြီးစီးမှုနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ခင်းကျင်းပြသခြင်းအတွက် ပရိဘောဂပစ္စည်းများဖြင့် ဆောင်ရွက်ထားရှိမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း၊ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်မှ ဦးစီးအရာရှိ ဒေါ်နန်းလောဝ်ဟွမ်နှင့် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အင်ဂျင်နီယာမှ လိုက်လံရှင်းလင်းပြသပေးခဲ့ကြပါသည်။

   ၎င်းနောက် နေ့လည် (၁၂:၁၅)နာရီအချိန်တွင် ညောင်ရွှေမြို့ အထက(၁)ကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ၂၀၁၄ခုနှစ်၊ အင်းလေးဘက်စုံထူးချွန်လူငယ် အပန်းဖြေစခန်းဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပမည့် အထက(၁) ညောင်ရွှေသို့ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဟန်၊ ညောင်ရွှေမြို့နယ် ပညာရေးမှူး၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် ညောင်ရွှေမြို့နယ် စည်ပင်အင်ဂျင်နီယာမှူး၊ ညောင်ရွှေ အထက(၁) ကျောင်းအုပ်ကြီးတို့အား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ကြပြီး နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သဖြင့် အလေးထားဆောင်ရွက်ပေးကြရန်ကိုလည်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
refind;http://www.shanstate.gov.mm

တောင်ကြီး- ဟိုပုံးလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃၀ ဦး ဒဏ်ရာရ

'တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှ ဟိုပုံးမြို့သို့ သွားသည့် ကားလမ်းပေါ်တွင် ဧပြီလ ၂၃ရက် ညနေ ၄နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ၃၀ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်မရှိဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်လိုက်သည်။

"ကားက ဘရိတ်ပေါက်တာကို ရှေ့မှာ ထိခိုက်မိကုန်မှာ ဆိုးတဲ့အတွက် ကားကို ဘေးချပစ်တာ၊ မြေပြန့်ဘက်နား ရောက်နေလို့ ထိခိုက်ဒဏ်ရာ ရသူတွေ စိုးရိမ်စရာ မရှိပါဘူး"ဟု အမှတ် ၁၅ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ကျ ဒု-ရဲအုပ် ကြည်စိုးက မဇ္ဈိမကို ပြောသည်။

ဖြစ်ပွားပုံမှာ Lifan အမျိုးအစား အပြာရောင် ယာဉ်ပေါ်တွင် အလုပ်သမားများ တင်ဆောင်ကာ တောင်ကြီးမှ လွိုင်လင်မြို့သို့ သွားရောက်ရန် ထွက်ခွာလာရာ မိုင်တိုင် အမှတ် ၁၂၃/၁ အရောက်တွင် ကားဘရိတ်ပေါက်သဖြင့် လမ်းဘေးသို့ ထိုးကျရာ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အလုပ်သမား အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၄ဦး ထိခိုက် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးတွင် ဆေးကုသလျှက်ရှိသည်ဟု အမှတ် ၁၅ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ကျ ဒုရဲအုပ် ကြည်စိုးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းကို ဧပြီလ ၂၃ရက်က (ပ)၁၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇/၃၃၈အရ အမှုဖွင့် အရေးယူထားသည်။

ဂျွန်ချစ်ငြိမ်း

Mizzima - News in Burmese
--------
တောင်ကြီး- ဟိုပုံးလမ်းပေါ်တွင် ဧပြီလ ၂၃ရက် ညနေ ၄နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည်ကို တွေ့ရစဉ်။  (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း)




refind; http://www.thithtoolwin.com

ဝရမ်းအမိန့်စာထုတ်ပြီးအိမ်ပေါ်မှနှင်ထုတ်ခံရ၍မိသားစုဒုက္ခရောက်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၁၅ ရက်၊ ၂၀၁၄ ခု၊ တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု ကောင်ရွေးရွာရှိ ဦးစံမြ (ကွယ်လွန်) ၏ နေအိမ်တွင် ကလေး နှစ်ယောက်ရှိ ချွေးမဒေါ်နန်းပေး မိသားစုနေထိုင်သည်ကို ဝရမ်းထုတ်ပြီး PNA စစ်သား ၈ ယောက်က အိမ်ပေါ်မှပစ္စည်းများကို ပစ်ချပြီး မောင်းထုတ်ကြောင်း ဧပြီ ၁၃ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

ဖြစ်စဉ်တွင် ဦးစံမြ၏နေအိမ်သည် ၁၉၉၆ ခုနှစ်တွင် PNO ဗဟိုမှ ပေးထားသောမြေဖြစ်ပြီး၊ ၂၀၀၄ ခုနှစ် တွင်ဦးစံမြက ဆုံးပြီး၊ ၎င်းမြေအိမ်အမွေကို သားဖြစ်သူမောင်ချမ်းသာကို ပေးအပ်ကာ ဇနီးနှင့်ကလေး နှစ်ယောက်အတူ နေထိုင်ကြောင်း၊ မောင်ချမ်းသာ ထောင်ကျခံရချိန်တွင် ချွေးမဖြစ်သူ ဒေါ်နန်းပေနှင့် သူမ၏ကလေနှစ်ယောက် (သမီးတစ်ယောက်၊ သားတစ်ယောက်) နှင့်အတူ နေထိုင်ကြောင်း သိရသည်။

ဧပြီ ၅ ရက်နေ့တွင် ဗိုလ်မှူး ခွန်မြင့်အောင်က ဝရမ်းအမိန့်စာပို့လာကာ၊ ဧပြီ ၁၁ ရက် နေ့တွင် အသနားခံစာပြန်လည်ပေးပို့ခဲသော်လည်း၊ ဧပြီ ၁၂ ရက် ညနေ ၅ နာရီအချိန်တွင် PNA စစ်သားမှ လက်နက်ဖြင့်ချိန်းခြောက်ကာ အိမ်ပေါ်မှအတင်းအဓမ္မဆင်းခိုင်း၍ ပစ္စည်းများကို ထုတ်ပြီး အိမ်ပေါ်မှ ပစ်ချကြောင်း သိရသည်။


ဒေါ်နန်းပေ၏ မိသားစုသည် လုံးကောင်ပရဟိတဘုန်းကြီးကျောင်းတွင် လျက်ရှိခေတ္တမှီခိုနေရပြီး၊ ဗိုလ်မှူးစံလွင်ထံ သွားရောက်တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း၊ ၎င်းအမှုကို တရားဥပဒေနှင့် အညီ ဖြေရှင်းပေးစေလိုကြောင်း၊ လင်ယောက်ျား ပြန်လွတ်လာမှသာ အမှုကို ဖြေရှင်းရန် တောင်းပန်သော်လည်း မရကြောင်း၊ အိမ်ပေါ်မှ နှင်ချခံရသူ ဒေါ်နန်းပေးက ပြောသည်။

”ဒီလိုလက်နက်နဲ့ ခဏခဏလာခြိမ်းခြောက်တာ ၅ ကြိမ်လောက်ရှိပြီ၊ အဖိုးဦးစံမြစိုက်ထားတဲ့ သစ်ပင် များကိုလည်း အကုန်ခုတ်ပစ်တယ်၊ တစ်ခါးကိုသော့နဲ့ ချိတ်ပိတ်တာ အကြိမ်ကြိမ်ဘဲ။ သူတို့သားအမိက သွားနေစရာမရှိလို့ပေတေပြီး နေနေရတယ်” ဟု ဒေါ်နန်းပေး၏ အဒေါ်တစ်ယောက်က ပြောသည်။

”အဲဒါက ဦစံမြကိုပေးထားတာ ဗိုလ်မှူးမြင့်အောင်ရဲ့ လက်မှတ်ထိုးထားတာရှိတယ်၊ ဦးစံမြ၏ဇနီး ဒေါ်နန်းမိလည်း ရှိနေသေးတယ်၊ တရားရုံးမှာလည်း ကျမ်းကြိမ်ထားတာ နန်းပေးကို ညှိခိုင်းသော်လည်း မညှိဘူး၊ ဖါမွိုန်းမှာ ပေးထားတဲ့အကွက်ကို ရောင်းလိုက်တယ်၊ ယခု အဖဦးစံမြရဲ့ မြေကွက်ကို လေးပုံတစ်ပုံလည်း ရောက်လိုက်ပြီ၊ ဒေါ်နန်းမိက လာနေဖို့ နန်းပေးက ပေးမနေဘူး သဘောမတူဘူး” ဟု PNA မှ ဗိုလ်မှူးကြီးခွန်လာက ပြောသည်။

ပြဿနာဖြစ်ပွားရာနေရာတွင် တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု၊ ကောင်ရွေးရွာ တောင်ကြီး ကျောက်သလုံး လမ်းမဘေး မြေကွက် မျက်နှာစာ ပေ ၁၃ဝ၊ အနံ့ ၁၆ဝ ပေရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဖြင့် တရားမျှတအောင် လုပ်ဆောင်ပေးရန်နှင့် ယခုနေစရာမရှိ၍ သမီးဖြစ်သူလည်း ပညာရေးကို ထိခိုက်နိုင်ကြောင်း၊ မိမိနေသောနေအိမ်ကို ပြန်လည်နေထိုင်လိုကြောင်း ဒေါ်နန်းပေးမှ ဆိုသည်။



11 April 2014

ဈေးတည်ငြိမ်မှုမရှိသောကြောင့် စတော်ဘယ်ရီစိုက်တောင်သူများ အခက်တွေ့

နန်းနုနွယ် | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

စတော်ဘယ်ရီသီးများ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စတော်ဘယ်ရီစိုက် တောင်သူများ အခက်တွေ့နေကြကြောင်း ကန်းတန်ရွာရှိ စတော်ဘယ်ရီစိုက်သည့် တောင်သူမွိုးဖြားပွန်းက ဧပြီလ (၆) ရက်နေ့တွင် ပြောကြားခဲ့သည်။

“စတော်ဘယ်ရီက တအားစိုက်ရတယ်၊ ဆေးလည်းဖြန်းရတယ်၊ အလုပ်သမားလည်း အများကြီးခေါ်ရတယ်၊ ဈေးလည်းမရှိဘူး၊ အရှုံးပဲ ပေါ်နေတယ်” ဟု မွိုးဖြားပွန်းက ဆက်လက်ပြောသည်။

စတော်ဘယ်ရီသည် ယခင်နှစ်တွင် ဈေးရှိသော်လည်း၊ ယခုနှစ်တွင် ဈေးမရှိကြောင်း၊ အမြတ်မရှိသလို ဓာတ်မြေသြဇာဖိုး၊ အလုပ်သမားခ အတွက်သာ ကာမိနေပြီး မိသားစုအတွက် အကျိုးမရှိကြောင်း သိရသည်။

“အခုဆိုရင် မိုးလည်းစရွာနေပြီ၊ စတော်ဘယ်ရီ စပြီးပုပ်တော့မယ်” ဟု မွိုးဖြားပွင့်က ပြောသည်။ အရင်နှစ်တွင် စတော်ဘယ်ရီ တစ်ခြင်းသည် (၁၅၀၀) နှုန်းရှိသော်လည်း ယခုနှစ်တွင် (၈၀၀) နှုန်းသာ ရှိသောကြောင့် စတော်ဘယ်ရီဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသော တောင်သူများအတွက် အခက်ခဲတွေ့ နေရကြောင့် သိရပါသည်။

စတော်ဘယ်ရီသီး သုံးရက်ခြား တစ်ခါခူးရပြီး တစ်ခါခူးလျှင် အခြင်း (၅၀) သာရပြီး၊ ဈေးသို့သွားရောင်းချသော်လည်း မကုန်နိုင်သဖြင့် ရွာသို့ ပြန်လည်တင်ပြန်၍ အရှုံးပေါ်နေပါသည်။ ယခုအခါ ၀ယ်ယူစားသုံးသူများသည် စတော်ဘယ်ရီကို ဓာတုပိုးသတ်ဆေးများ၊ ပွဆေးများသုံးသည်ဟု ဆိုကာ ၀ယ်ယူစားသုံးရန် မရဲတရဲဖြစ်နေကြကြောင်းကိုလည်း သိရသည်။
http://www.taunggyitime.com

သစ်ထူးလွင်၊ အေးချမ်းမွန်တို့ကဲ့သို့သော ၀က်ဘ်ဆိုက်များကို မြန်မာ ဟက်ကာ အဖွဲ့တစ်ဖွဲ့က သတိပေးတော့မည်ဟုဆို

10.4.2014

မိမိတို့ကိုယ်ပိုင်မဟုတ်သည့် သတင်းများကိုတင်ကာ စီးပွားရေးလုပ်နေသည့် အင်တာနက်ဝက်ဘ်ဆိုက်များအား ရပ်တန်းကရပ်ရန် ထိုင်းအခြေ စိုက် မြန်မာကွန်ပျူတာဟက်ကာများက သတိပေးတော့မည်ဖြစ်ကြောင်း သိရသည်။

"သူတို့က ကိုယ်ပိုင်သတင်းထောက်လဲမရှိ သတင်းဌာနလဲမရှိပဲနဲ့ 7day တို့ Voice တို့ Popular တို့က တင်သမျှသတင်းတွေကို ယူပြီး သူတို့ဆိုက်မှာပြန် တင်တာလေ။ ခေါင်းပုံဖြတ်တာပေါ့ဗျာ။ ပြီးတော့ ကြော်ငြာလက်ခံပြီးစီးပွားရှာတယ်။ ကျွန်တော်တို့နဲ့ သူတို့သတင်းတွေကိုယူသုံးတဲ့ မီဒီယာတွေနဲ့ ဘာအဆက်အသွယ်မှမရှိပါဘူး။ ဘယ်သူကမှလဲ မခိုင်းပါဘူး။ ဒါပေမယ့် ဒီလိုလုပ်ရပ်မျိုးဟာ မဖြစ်သင့်တော့တာကြောင် ခုလိုဟန့်တားဖို့လုပ် ရတော့တာပါ" ယင်း ဟက်ကာအဖွဲ့ဝင်တစ်ဦးကပြောသည်။

လောလောဆယ်တွင်မူ သတင်းများကိုခေါင်းပုံဖြတ်ကာစီးပွားရှာမှု ရပ်တန်းကရပ်ရန်သာ သတိပေးမည်ဖြစ်ပြီး၊ သတ်မှတ်ရက်အထိ မလိုက်နာပါမူ တစ်ဆင့်တက်၍ လုပ်သင့်သည်တို့ကိုလုပ်ရမည်ဖြစ်ကြောင်း ယင်းဟက်ကာအဖွဲ့ထံမှသိရသည်။

refind :Shan-News

IPPF စီမံချက်ဖြင့် ဆေးကုသမှုများ ဆောင်ရွက်

တောင်ကြီး ဧပြီ  ၂
Written by  ရွှေတည် 
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း IPPF စီမံချက်နှင့် An International Medical Relief World Health Ambassador Team (WHA) မှ
ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီး၌ ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ အသင်းဗဟိုမှ အမှုဆောင် ညွှန်ကြားရေးမှူး၊ နေပြည်တော်ခုတင် (၁ဝဝဝ) သွားနှင့်ခံတွင်း ဌာနမှ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ဦးစီးသော အဖွဲ့နှင့် အမေရိကန်၊ ကနေဒါ၊ ဗီယက်နမ်နိုင်ငံတို့မှ ဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမများ ပူးပေါင်း၍ စဝ်စံထွန်း ဆေးရုံကြီးတွင် ဆေးဝါး ကုသပေးလျက် ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ် ကျန်းမာရေး ဦးစီးမှူးတို့က ဆေးကုသနေမှုကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ အဆိုပါ ဆေးကုသ ရာတွင် ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသား ပြည်သူ ၁ဝဝ ကျော် လာရောက်ကုသမှု များကို လိုက်လံ ကြည့်ရှုကြပြီး အာဟာရ ပစ္စည်းများ ပေးအပ်ကြသည်။ ဆေးကုသပေးရေး အဖွဲ့သည် ဧပြီ ၁ ရက်မှ ၂ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ အထွေထွေရောဂါများကို ကုသပေးလျက်ရှိပြီး ဧပြီ ၃ ရက်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့ ပြည်သူ့ဆေးရုံနှင့် ဧပြီ ၄ ရက်တွင် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံ တို့တွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
refind;http://www.myawady.net.mm

ဇနီးနှင့်စကားများပြီး လင်ယောင်္ကျားဖြစ်သူ ပေါင်းသတ်ဆေးသောက်ကာသေဆုံး


ခွန်ထွိုက် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာနေ သမီးငယ် (၂) ဦးရှိ မောင်သောင်းအား အလုပ်မလုပ်၍ ဇနီးဖြစ်သူက ဆဲဆိုကာ မခံနိုင်သောကြောင့် ပေါင်းသတ်ဆေး သောက်ပြီး ဧပြီ ၃ ရက်နေ့တွင် တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်တွင် မောင်သောင်းသည် မိသားစုအတွက် ဝင်ငွေမရှာဘဲ အမြဲတမ်း အရက်သောက်ပြီး မူးရူးနေကြောင်း၊ ၎င်းကို ဇနီးဖြစ်သူက ဆဲဆိုကာ ရန်ဖြစ်ပြီး၊ ဇနီးဖြစ်သူက ခြံသို့သွားလိုက်ရာ အိမ်တွင်ကျန်ရှိသော မောင်သောင်းသည် ပေါင်းသတ်ဆေးကို သောက်သွားကြောင်း ရွာသူကြီးက ပြောသည်။

ဧပြီ ၃ ရက် နေ့လည် ၁၂ နာရီတွင် ပေါင်းသတ်ဆေးသောက်သည်ကို ယောက္ခမက သိရှိပြီး ပတ်ဝန်းကျင်လူများကို ခေါ်ပြီး တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ရာ ဆေးကုသမှု ခံယူသော်လည်း ပေါင်းသတ်ဆေးသောက်သည်ကို များလွန်းသောကြောင့် သူ၏အူနှင့်အသဲသည် ဆေး၏အာနိသင်ဒဏ်ကြောင့် ခြောက်သွားပြီးဆေးမနိုင်ဘဲ ညနေ ၃ နာရီတွင် သေဆုံးကာ တောင်ကြီးသုသာန်တွင် သဂြိုင်္လ်လိုက်ကြောင်း သိရသည်။
refind;http://www.taunggyitime.com

တောင်ကြီးမြို့၊ (Taunggyi Shopping Center) လုပ်ငန်းသဘောတူနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးပွဲနှင့် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ


 097
တောင်ကြီး ဧပြီ ၁၁
   တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးဈေးကြီးအား PPP စနစ်ဖြင့် အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်း မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် သီဟဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီလီမိတက်တို့ လုပ်ငန်းသဘောတူနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းကို ဧပြီ(၁၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် စည်ပင် သာယာရေးကော်မတီဝင်များ၊ ကုမ္ပဏီအလုပ်အမှုဆောင်ဒါရိုက်တာ နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက အဖွဲ့များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် မှ အဖွင့်အမှာစကားပြောကြားရာ “  လုပ်ငန်းသဘောတူ နားလည်မှု   စာချွန်လွှာ       MOU     လက်မှတ်ရေးထိုးသည့်      တောင်ကြီး ရှော့ပင်းစင်တာ တည်ဆောက်ရေးစီမံကိန်းသည် တောင်ကြီးမြို့ကုန်ခြောက်သားငါးဈေးကို အဆင့်မြှင့်တင် တည်ဆောက်သည့် လုပ်ငန်းဖြစ်ပြီး စီမံကိန်းလုပ်ငန်း အဆင့်မြင့်ဈေးဆိုင်ခန်းများ  နှင့် ကွန်ဒိုမီနီယံများ ပါဝင်မည်ဖြစ်ပြီး တောင်ကြီးမြို့ အတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ အများပြည်သူအတွက်ခေတ်မီဈေးသစ်ကြီးတစ်ခု ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ တောင်ကြီးရှော့ပင်းစင်တာ တည်ဆောက်ပြီးစီးသည့်အခါ အများပြည်သူများ အတွက် ဈေးရောင်းဈေးဝယ်လုပ်ငန်းများ ပိုမိုအဆင်ပြေလာနိုင်ပြီး ဈေးဝယ်သူများ၏ မော်တော်ယဉ်များ ရပ်နားရန်နေရာများ ပါဝင်သည့်အတွက် ယာဉ်အသွားအလာပိတ်ဆို့မှု မဖြစ်စေဘဲ ဈေးရောင်းဈေးဝယ်သူများ အလွယ်တကူ    သွားလာနိုင်မည် ဖြစ်ကြောင်း၊ ဈေးဆိုင်ခန်းများအပြင် လူနေထိုင်ရန် ကွန်ဒိုများ၊ ခန်းမများ၊ ဟောခန်းများ၊ ကုန်တိုက်များပါဝင်သည့်အတွက် လိုအပ်သောပစ္စည်းများကို တစ်နေရာ တည်းတွင် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း၊ တောင်ကြီးရှော့ပင်းစင်တာသည် ပြည်နယ် မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၏ သမိုင်းဝင် အထိမ်းအမှတ် ဈေးကြီး ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ၊ သက်ဆိုင်ရာ  ပြည်နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ ရှမ်းပြည်နယ်  စည်ပင်သာယာရေးဌာန၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန တို့အနေနှင့်လည်း  တောင်ကြီးမြို့    မြို့ပြဖွံ့ဖြိုး  တိုးတက်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တောင်ကြီး ခရိုင်နှင့် မြို့နယ်တွင် ဖွဲ့စည်းထားသည့်ကော်မတီ(၃)ရပ် မြို့မိမြို့ဖများနှင့် ညှိနှိုင်းပြီး ဒေသန္တရ ဖွံ့ဖြိုးရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ရန် ပြုပြင်ပြောင်းလဲ လာသည့် ခေတ်စနစ် နှင့်အညီ အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ” တိုက်တွန်း ပြောကြားသွားသည်။
   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလှဝင်းမှ ကုန်ခြောက်သားငါးဈေးကြီးအား PPP စနစ်ဖြင့် အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
   ထို့နောက် ကုန်ခြောက်သားငါးဈေးကြီးအား PPP စနစ်ဖြင့် အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းစာချုပ်အား လုပ်ငန်းအပ်နှံသူတောင်ကြီးစည်ပင် သာယာရေး ကော်မတီ နှင့် လုပ်ငန်းလက်ခံသူ သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက် မှ တာဝန်ရှိသူများ မှ သဘောတူစာချုပ် MOU အားလက်မှတ်ရေးထိုးကြပြီး သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ လုပ်ငန်း စာချုပ်အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးစီးခြင်းအထိမ်းအမှတ် လုပ်ငန်းကတိကဝတ်နှင့် ကျေးဇူးတင် စကားကို ကုမ္ပဏီဒါရိုက်တာ ဒေါ်မေစုလှိုင်မှ ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
   အစီအစဉ် ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်မှူးဗိုလ်မှူးချုပ်အေးဝင်း ၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူ များသည် တောင်ကြီးမြို့ကုန်ခြောက် သားငါးဈေးကြီး အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မည့်နေရာသို့ ရောက်ရှိပြီး၊ မင်္ဂလာချိန်တွင် ပန္နက်တင်ခြင်းနှင့်အုတ်မြစ်စီခြင်းပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်း၊  ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း တို့က သတ်မှတ်နေရာများတွင် နေရာယူ၍ ပန္နက်ရိုက်ပေးကြပြီး အမွှေးနံသာများပက်ဖြန်း ပေးသည်။ ဆက်လက်၍ အုတ်မြစ်စီမဂင်္လာပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ကုမ္ပဏီတာဝန်ရှိသူတို့က သတ်မှတ်နေရာ အသီးသီးတွင် အုတ်မြစ်တော်များ စီပေးကြပြီး၊ နဝရတ်ကိုးပါးနှင့် ရတနာအုတ်မြစ်ကို ပြည်ဝန်ကြီးချုပ်မှ အုတ်မြစ်တော်ကို ချပေး၍ ဘိသိတ်ဆရာ ဦးသိန်းညွန့်မှ ဘိသိတ်သွန်းပေးကာ အမွှေးနံ့သာများပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး ပေးကြောင်း သိရှိရသည်။
   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ရှင်းလင်း ဆောင်၌ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးပြီး၊ တောင်ကြီးမြို့ကုန်ခြောက်သားငါးဈေးကြီး အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတည်ဆောက်မည့် အခြေအနေများကို ပရိုဂျက်တာ ကားချပ် ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm

အသိုင်းဝိုင်းဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း သင်တန်းဖွင့်လှစ်

နန်းကျွန် (ဆီဆိုင်) | ဧပြီလ ၁၀ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကောင်ရွေပအိုဝ်းလူငယ်ရုံးတွင် A.B.C.D (ကိုယ့်မှာရှိတဲ့ ပိုင် ဆိုင်မှုပေါ်ကို အခြေခံပြီး အသိုင်းဝိုင်းကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း) သင်တန်းကို ဧပြီ ၆ ရက်နေ့ ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းက စတင်ပို့ချပေးကြောင်း သိရသည်။

ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှုပေါ်ကို အခြေခံပြီး အသိုင်းအဝိုင်းကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်းကို အဓိကထားပြီး သင်တန်းကာလမှာ စနေနှင့် တနင်္ဂနွေ ၂ ရက် အချိန်ယူပြီး ၂ ပတ်နဲ့သင်တန်းပေးသည်ဟု ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီးပြုလုပ်သောသင်တန်းမှာ “ရေတစ်ခွက်ကို ရေတစ်ဝက်ပဲရှိတယ်၊ အဲဒီရှိတဲ့ ရေတစ်ဝက်ကို ရေအပြည့်မရှိနိုင်သော်လည်း ရှိတဲ့တစ်ဝက်ရဲ့ အရည်အချင်းကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုတယ်၊ ဥပမာ လူတစ်ယောက် သူ့မှာသူများလို ပညာတတ်သူဌေးမဖြစ်ခဲ့ဘူး၊ ဒါပေမဲ့ မူလရှိတဲ့ သူရဲ့အရည်အချင်းကို အကျိုးရှိရှိ အသုံးပြုလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

သင်တန်းဆင်းဖြစ်သော သင်တန်းသူ/သားများက A.B.C.D သင်တန်းမှ ရယူသောအသိပညာ၊ အတတ် ပညာကို ရွာမှာမှတစ်ဆင့် (သို့) အဖွဲ့အစည်းတစ်ခု (သို့) ရွာမှာ ပညာပေးအနေနှင့် သင်တန်းပြန်ဖွင့်မည်ဆိုလျှင်လည်း ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့အစည်းမှ အခွင့်အရေးပေးပြီး လိုအပ်သော ကုန်ကျစရိတ်ကိုလည်း ကူညီပံ့ပိုးပေးမည်ဟု သိရသည်။

10 April 2014

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပ


တောင်ကြီး ဧပြီ ၁၀

   အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ဧပြီ (၁၀)ရက်၊ နံနက် (၉)နာရီခွဲကတောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အမျိုးသားဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စက်မှုဇုန် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာ စကားပြောကြားရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းပြီး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပြန်လည်သုံးသပ်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် သုတေသနပြုလုပ်ပြီး ရရှိခဲ့သော သိရှိချက်များ ဆောင်ရွက်သင့်သော အကြံဉာဏ်များကို အခြေခံ၍ မိမိတို့၏ ပြည်နယ်ဒေသအတွင်း အနည်းဆုံး အခကြေးငွေ စိစစ်သတ်မှတ်ပေးနိုင်ရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ကွင်းဆင်း စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အလုပ်ရှင် အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ပြီး သဘောထား အကြံပြုချက်များ ရယူသွားမှာ ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒေသအတွင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးရန်လိုကြောင်း တိုက်တွန်း ပြောကြားသွားသည်။
   ဆက်လက်၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်နယ်ကော်မတီ(ရှမ်းပြည်နယ်) ဥက္ကဌ၊ ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
   ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်မှ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အချက်အလက်များအား  Powerpoint Presentation ဖြင့် ရှင်းလင်းတင်ပြသည်။
   ၎င်းနောက် တက်ရောက်လာသူများမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးကြပြီး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
refind;www.shanstate.gov.mm

3 April 2014

ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ စည်းရုံးရေး ကွင်းဆင်းဟောပြော

ခွန်ရာဇာ တောင်ကြီး | ဧပြီလ ၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



၂၀၁၄ သန်းခေါင်စာရင်း၊ အမျိုးသားရှင်သန်ရေးနှင့် စည်းလုံးညီညွတ်ရေးတရားများဖြင့် တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီက မတ်လ ၃ဝ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ပအိုဝ်းပြည်သူများနှင့် တွေ့ဆုံဟောပြောခဲ့ကြောင်း သိရသည်။

”စနစ်ပြောင်းလဲမှုက မြန်တယ်၊ ဒီစနစ်ကို လိုက်နိုင်ဖိုလိုအပ်တယ်၊ ဒီလိုခေတ်စနစ်ပြောင်းလဲမှုကို ကျွန် တော်တို့ ပအိုဝ်းလူမျိုးအဖွဲ့အစည်းသော်လည်းကောင်း၊ ပအိုဝ်းပြည်သူလူထုသော်လည်းကောင်း လိုက်မမီဘူး။ ဒါကြောင့် အကွဲကွဲဖြစ်နေရတယ်။ ဒီလိုမဖြစ်ရလေအောင် ခေတ်စနစ်ကို လိုက်မီအောင်၊ အဘဦးအောင်ခမ်းထီက လိုက်ဟောပြောပေးရတယ်။ ဒါမှ အနာဂတ်နှင့် ခေတ်စနစ်လိုက်ဖက်မှုကို ပအိုဝ်းတစ်မျိုးသားလုံးခံစားရမှာ မြင်ပါတယ်” ဟု ဆီဆိုင်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုက ပြောသည်။

”အဘကတော့ နံပါတ်တစ် စည်းရုံးရေး၊ နံပါတ်နှစ် စည်းရုံးရေး၊ နံပါတ်သုံး စည်းရုံးရေးဖြင့် အဓိကထားပြီး အဘဦးအောင်ခမ်းထီက ဟောတယ်လို့ မြင်ပါတယ်၊ ပအိုဝ်းချင်းချင်း နားမယောင်အောင်၊ သွေးမကွဲအောင်လုပ်ဖို့ ဆန္ဒရှိတယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီခေတ်အရင်တုန်းက လွတ်လွတ်လပ်လပ်ပေါ့၊ ပါတီပေါင်း ၂၃၅ ရှိခဲ့တယ်၊ ရွေးကောက်ပွဲနိုင်တဲ့ပါတီဟာ ၃ဝ လောက်ရှိတယ်၊ ဒါကြောင့် ပအမဖဟာ ၂ဝ၁ဝ အထိပါလာတာပေါ့။ အရင်က ပအမဖ ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ အဘတို့မှာ မျိုးဆက်သစ်မွေးခွင့် မရှိဘူး၊ ရန်ပုံငွေလည်း မရှိ၊ အစိုးရအနေနှင့်လည်း အဆက်သွယ်ပြတ်တော့ ပိတ်ပင်မှုများခဲ့လို့ ပအမဖပါတီ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး၊ အညီလာခံကတော့ အစဉ်လာ ပအမဖ လုပ်လာခဲ့တယ်။ အစီရင်ခံစာမှာလည်း ပအမဖက လုပ်လာခဲ့တယ်၊ နောက်နာမည်ယူတာ PNO ဖြစ်သွားတယ်။ ယခု PNO ပါတီနှင့် ပအမဖ ပါတီအသစ်နဲ့ ပူးပေါင်းဖို့ဆိုတာလည်း ခေါင်းဆောင်ပေါ်မှာ မူတည်တယ်” ဟု PNO ပါတီနာယက ဦးခွန်မောင်တုတ်က ပြောသည်။

ဟောပြောပွဲတက်ရောက်လာသော ပအိုဝ်းပြည်သူများ သုံးရာဝန်းကျင်ရှိပြီး၊ အဖွဲ့ထပ်မဖွဲ့ရန်နှင့် ပအိုဝ်းက တစ်အိုဝ်းသာ ရှိသင့်ကြောင်း၊ ပူးပေါင်းလုပ်ဆောင်ချင်လျင် လာခဲ့ပါ၊ လိုချင်သော ဖြစ်ချင်သောနေရာသို့ ရာထူးကို ပြောပါ။ ကူညီပေးမည်၊ အမြဲတမ်း ကမ်းလှမ်းထားသည်” ဟု ဟောပြောပွဲတွင် ထည့်ပြောသွားကြောင်း ဟောပြောပွဲကို နေ့လည်နှစ်နာရီတွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့

refind photo ; http://www.taunggyitime.com

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အောင်မြေဘုံစံကျောင်း တိုက်အတွင်း တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဌ ဦးတင်မောင်တိုးနှင့် ရှမ်းပြည်နယ်(၈၈)ပွင့်လင်းအဖွဲ့အစည်းမှ ဦးနေမျိုး ဦးဆောင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရာ  တောင်ကြီးခရိုင် အတွင်းရှိမြို့နယ်များမှ NLD ပါတီဝင်များ၊ လောက မာန်အောင်ကျောင်းတိုက်  ဆရာတော်ဦးခေမာနနမှသြဝါဒစကားမိန့်ပြီး ရပ်စောက်မြို့နယ် NLDဥက္ကဌဦးမောင်မောင်စိန်မှ ပြင်ဆင်ရမည့်ဥပဒေများအကြောင်း၊  သဘောထားကြေညာ ချက်များအားတက်ရောက်သူများထဲမှ ဖတ်ကြားခဲ့ကာ NLD တောင်ကြီးအမှုဆောင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးမှ ဆန္ဒပြရာတွင် ပါဝင်မည့်သူများအား လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်ကျောင်းဝင်းအတွင်း(၄)ယောက်တွဲစီတန်း၍ “သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ၅၉(ဃ) /၅၉(စ) တို့ကိုဖျက်သိမ်းပေး” “ဒီမိုကရေစီ လူ့အခွင့်အရေး နှင့်ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာအလိုရှိ သည်” “၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဟန့်အတားပြုနေသော ပုဒ်မ-၄၃၆ကို အမြန် ပြင်ဆင်ပေးပါ” “ပြည်သူ့သဘောထားမပါသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ ဆန္ဒအရပြင်ဆင်ပေး” စသည့်လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ လောကမန်အောင်ကျောင်းမှ ဗိုလ်ချုပ်ပန်းခြံထိ ချီတက်ဆန္ဒဖော်ထုတ်ကြောင်း သိရသည်။
စီတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာ  ဗိုလ်ချုပ် ပန်းခြံသို့ ရောက်ရှိခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ လောက မာန်အောင်ဆရာတော် ဦးခေမာနန္ဒမှ သြဝါဒမိန့်ကြားခြင်း၊ ကျဆုံးလေပြီး သောဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်း၊ (၈၈)အရေးအခင်းတွင် ကျဆုံးသွားသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား အလေးပြုခြင်းအား ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး အခမ်းအနားပြီးဆုံး၍ လူစုကွဲကာ မိမိနေထိုင်ရာအရပ်ဒေသများသို့ ပြန်လည် ထွက်ခွာသွားကြောင်း ၊ “၈၈ မျိုးဆက်နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ဆန္ဒဖော်ထုတ်ခြင်းက ဒါပထမဆုံးအကြိမ်ဖြစ်တယ်၊ အခြေခံဥပဒေပြင်ဆင်ရေး လွတ်တော်တွင်းပြင်ဆင်ခြင်းက အရမ်းခက်ခဲ့တယ်၊ ပါတီကြီးလွတ်တော်ကိုယ်စားလှယ်က မပြင်လို၊ ဒါကြောင့် လွတ်တော်ပြင်ပမှ ပြင်ဆင်သွာမည်၊ သက်ဆိုင်ရာခွင့်ပြုချက် တပတ်ကြိုတင်ပါတယ်။ မြို့နယ်ရဲက ငြင်းပယ်တယ်။ အကြောင်းပြချက်က လမ်းကြောင်းမြို့ပတ်ထားလို့ဖြစ်တယ်၊ ကျွန်တော်တို့ဒီငြင်းပယ်တာ လက်မခံဘူး၊ အယူခံပြန်ဝင်ပြီး လက်နက်မပါငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်က နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တာကျတယ်၊ ဒါကြောင့် လမ်းကြောင်းကို အလျော့အတင်းလုပ်ပြီး ခွင့်ပြုချက်ပြန်ရတယ်၊ တနိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြပြီး ဒါကို လစ်လျူရှုမယ်ဆိုလျင် ၈၈ ရေးခင်းလို ထပ်ဖြစ်နိုင်တယ်” ဟု တောင်ကြီးခရိုင် NLD ဥက္ကဌ ကိုတိုးက ပြောပြ ခဲ့ကြောင်း တောင်ကြီးတိုင်းမ်စာမျက်နှာတွင်ဖော်ပြပါရှိပါသည်။
HAK

အသေးစား ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

 086
ဂျပန်နိုင်ငံမှ Mr. Satoshi MATOBA, Director General of Japan International Co-operation System (JICS) ဦးဆောင်သော အဖွဲ့သည် ဧပြီ (၁)ရက်၊ နံနက် (၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ လာရောက်၍ အသေးစား ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။

   တွေ့ဆုံဆွေးနွေးမှုတွင် JICS အဖွဲ့မှ မိမိတို့အနေနဲ့ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ကိုင်လိုကြောင်း၊ ရန်ကုန်မှာရှိသည့် ဂျပန်သံရုံးအဖွဲ့နဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး ညွှန်ကြားမှုရရှိပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရအဖွဲ့မှလည်း မိမိတို့၏ အဖွဲ့အစည်းကို ခွင့်ပြုနားလည်ပြီး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ (၃၀)ကို မိမိတို့၏ ဘတ်ဂျက်ဖြင့် မီးလင်းရေးအတွက် ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ ဆိုလာ၊ အသေးစား ဟိုက်ဒရိုပါဝါများကိုလည်း ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ ဂျင်နရယ်ဝါယာ စက်အထိုင်အတွက် အဆောက်အဦများကိုလည်း ပြုလုပ်ပေးမည်၊ စက်ပစ္စည်းထိန်းသိမ်းမှုကို ရွာသား သို့မဟုတ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတို့ကို ပညာပေးလေ့ကျင့်ပေးမည် ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်သည့်ကျေးရွာကို (၃)အုပ်စုခွဲပြီး ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးရွာ၏အခြေအနေကို မသိရသေးသောကြောင့် အိမ်ခြေများကို ကြည့်ရှုပြီးမှသာ ဦးစားပေး (၅၀)နှင့် (၁၀၀)ကြား နှင့် ဂျပန်သံရုံးမှ ရရှိထားသည့်စာရင်းအရ ခရိုင် (၈)၊ မြို့နယ် (၂၀)၊ ကျေးရွာ (၂၀)တို့ကို ဦးစားပေး ဆောင်ရွက်လိုကြောင်း ဆွေးနွေးသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လျှပ်စစ်ဓာတ်အား ပြုလုပ်ပေးမည့် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အမည်စာရင်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အနေနဲ့လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ပြုလုပ်မည့်နေရာ မထပ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အဓိကဦးစားပေး ဆောင်ရွက်နိုင်ရန်အတွက် မိုးမိတ်မြို့နယ်တွင် ဆင်တဲကုန်း၊ လင်းခေးခရိုင်တွင် ဟိုမိန်း၊ ကျိုင်းတုံခရိုင်တွင် လွယ်မွေတို့ကို ဦးစားပေး ဆောင်ရွက်လိုကြောင်း၊ ကျေးရွာအုပ်စုများကိုလည်း အတည်ပြုပေးမည် ဖြစ်ကြောင်း၊ ဟိုက်ဒရိုပါဝါနှင့် ပတ်သက်၍ ၁ မဂ္ဂါဝပ်၊ ၂ မဂ္ဂါဝပ် ထုတ်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ ပြုလုပ်မည့်နေရာ (၃)နေရာကို အစိုးရအဖွဲ့မှ ရွေးပေးမည် ဖြစ်ကြောင်း၊ မိုးမိတ်မြို့နယ်တွင် ရေတံခွန်၊ ကျိုင်းတုံတွင် လွယ်မွေ၊ မိုင်းပျဉ်းမြို့တွင် နမ့်တွန်ချောင်းစသည့် ကျေးရွာတို့ကို ဦးစားပေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားလာမှုတွင်လည်း ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

၂၀၁၄ခုနှစ်လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်း ‌တောင်ကြီးမြို့၌ စတင်‌ကောက်ယူ

 083
၂၀၁၄ခုနှစ်လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်း‌ကောက်ယူမှုလုပ်ငန်းကို ရှမ်းပြည်နယ်၊ ‌တောင်ကြီးမြို့တွင် မတ်လ(၃၀)ရက် နံနက်(၈)နာရီမှစတင်၍ စာရင်း‌ကောက် ဆရာမများမှ တစ်အိမ်တက်ဆင်း ‌ကောက်ယူလျက်ရှိရာ သစ်‌တောရပ်ကွက်၊ ‌ကောက်ကွက် အမှတ်(၆)အတွင်းရှိ  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်‌အောင်မြတ် နေထိုင်ရာအိမ်‌တော်လမ်းသို့ ‌ရောက်ရှိ‌ကောက်ယူရာ ပြည်နယ်လူဝင်မှု ကြီးကြပ်‌ရေးနှင့် အမျိုးသားမှတ်ပုံတင်‌ရေးဦးစီးဌာန ပြည်နယ်မှူးဦး‌ဌေးလှိုင်မှ သန်း‌ခေါင်စာရင်း ‌ကောက်ယူရခြင်း အ‌ကြောင်း၊ လူဦး‌ရေနှင့်အိမ်အ‌ကြောင်းရာများနှင့် ပက်သက်၍ အကျဉ်းချုပ်‌ပြောကြားပြီး  ပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်‌အောင်မြတ်နှင့် မိသားစုဝင်များသည် စာရင်း‌ကောက်ဆရာမ၊ အမှတ်(၁)အ‌ခြေခံပညာ အထက်တန်း‌ကျောင်းမှ ဆရာမ ‌ဒေါ်ခင်စန်းစန်းမြင့်၏ သန်း‌ခေါင်စာရင်းဆိုင်ရာ ‌မေးခွန်း(၄၁)ချက် ‌မေးမြန်းမှု များကို မှန်မှန်ကန်ကန်‌ဖြေဆိုသွား‌ကြောင်းသိရှိရသည်။

   ဆက်လက်၍ ပြည်လုံးကျွှတ်သန်း‌ခေါင်စာရင်းကို ရှမ်းပြည်နယ်(‌တောင်ပိုင်း) တောင်ကြီးမြို့၊ မြို့‌ပေါ်ရပ်ကွက်(၂၂) ရပ်ကွက်တွင် တာဝန်ကျ စာရင်းစစ်/ စာရင်း‌ကောက် ဆရာ/ ဆရာမများမှ အိမ်တိုင်ရာ ‌ရောက် လိုက်လံ‌ကောက်ခံ လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်း‌ရေးမှူး၊ ပြည်နယ်သန်း‌ခေါင်စာရင်း ‌ကော်မတီအတွင်း‌ရေးမှူး၊  ခရိုင်သန်း‌ခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သန်း‌ခေါင်စာရင်း ‌ကော်မတီဥက္ကဋ္ဌနှင့် အတွင်း‌ရေးမှူး၊  ရပ်ကွက်/ ‌ကျေးရွာသန်း‌ခေါင်စာရင်း‌ကော်မတီဥက္ကဌနှင့် အတွင်း‌ရေးမှူး၊  အ‌ထောက်အကူပြုအဖွဲ့ တို့လိုက်ပါလျက် ‌တောင်ကြီး ဟိုတယ်ဝန်ထမ်းအိမ်ရာ တို့တွင် ဆက်လက် ကောက်ယူလျက်ရှိ‌ကြောင်း သိရှိရသည်။ အဆိုပါ လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းကို မတ်လ(၃၀)ရက်‌နေ့မှ စတင်၍ ဧပြီလ(၁၀)ရက်‌နေ့အထိ ‌ကောက်ယူသွားမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm