14 June 2014

ဘော်လီဘော/ ဘတ်စကက်ဘောပြိုင်ပွဲသို့ တက်ရောက်အားပေးခြင်း နှင့် အရည်အသွေးပြည့်ဝသော မျိုးဆက်ပွားကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ခြင်း

တောင်ကြီး   ဇွန်   ၁၂
545

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းသည် (၁၂-၆-၂၀၁၄) ရက်နေ့တွင် နံနက်(၈)နာရီတွင် ၂၀၁၄ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး ဘော်လီဘော/ ဘတ်စကက်ဘော ပြိုင်ပွဲ တတိယနေ့ ပထမပွဲစဉ်အဖြစ် တောင်ကြီးခရိုင်အမျိုးသမီး ဘတ်စကက်ဘောအသင်းနှင့် လားရှိုးခရိုင် အမျိုးသမီး ဘတ်စကက်ဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို တက်ရောက် ကြည့်ရှု့အားပေးခဲ့ပြီး နံနက်(၉)နာရီတွင် ရှမ်းပြည်နယ်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အရည်အသွေးပြည့်ဝသော မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
http://www.shanstate.gov.mm

တောင်ကြီးမြို့၌ ကျောင်းဆောင်သစ်ကြီး ရေစက်ချပွဲ အခမ်းအနားကျင်းပ

Written by 
တောင်ကြီး ဇွန် ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရွှေမုဌော ဘုရားတောင်ပေါ်ရှိ ရွှေမုဌောကျောင်း မင်္ဂလာ မဂ္ဂင်အောင် ကျောင်းတိုက် ကျောင်းဆောင်သစ် ရေစက်ချပွဲနှင့် နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝေပုဏ္ဏ ဘိဝံသ၊ အင်းလေး ဟဲယာရွာမ ရွှေဘုံသာ သဒ္ဓမ္မဒ္ဓီကာရိ စာသင်တိုက် ဦးစီး ပဓာန နာယက ဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော်ကြီး ၁၅ ပါးကို
မုနေဝသမ္ပဒကံထပ် ပူဇော်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁ဝ နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး၊ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များရှိ ကျောင်းပေါင်း ၈၁ ကျောင်းမှ ပင့်သံဃာ ဆရာတော် အရှင်သူမြတ်များက သိမ်အတွင်း၌ ပုနောပသမ္ပဒ သိက္ခတ္တ ယကံထပ် ပူဇော်မင်္ဂလာ ကျင်းပပြီး အလှူရှင်များက သိမ်ထွက်လှူဖွယ် ဝတ္ထုပစ္စည်းများ လောင်းလှူကြ သည်။
အဆိုပါ ကျောင်းဆောင်သစ်ကြီးကို အများပြည်သူ စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ်ကြီးမှာ RC သုံးထပ်ဆောင်ဖြစ်ကာ အရှည် ၇၂ ပေ၊ အကျယ် ၄၂ ပေရှိပြီး ငွေကျပ် သိန်းပေါင်း ၁၄ဝဝ ကျော်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
http://www.myawady.net.mm

8 June 2014

လုပ်ငန်းခွင်ဝင်သင်တန်းဆင်းပွဲနှင့် ရာထူးခန့်အပ်ခြင်း

၂၀၁၄   ဇွန်​ ၀၈
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ အငယ်တန်းအင်ဂျင်နီယာ - ၃ လုပ်ငန်းခွင်ဝင် သန်တန်းဆင်းပွဲနှင့် ရာထူးခန့်အပ်ခြင်းအခမ်းအနားကို ဇွန် (၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းမှ သင်တန်းဆင်း အဖွင့်အမှာ စကားပြောကြားသည်။
   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် စည်ပင်သာယာ ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ အငယ်တန်းအင်ဂျင်နီယာ - ၃ သင်တန်းဖွင့်လှစ်ခြင်းနှင့် ရာထူးခန့်အပ်ခြင်း၊ တာဝန်ချထားခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
   ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းမှ အငယ်တန်းအင်ဂျင်နီယာ - ၃ ဝန်ထမ်းများ အား ခန့်အပ်ခြင်း၊ တာဝန် ချထားခြင်း၊ ရုံးအမိန့်များကို ရှမ်း(တောင်)၊ (မြောက်)၊ (ရှေ့) တွင် တာဝန်ထမ်းဆောင်မည့် သင်တန်းသား/သူ၊ (၁၃၇)ဦးတို့ကို ပေးအပ်ခဲ့သည်။
   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အထောက် အကူပြု ကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ အင်ဂျင်နီယာမှူးကြီးများ၊ သင်တန်းပို့ချပေး သည့် ဆရာများ၊ သင်တန်းသား/ သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်း သိရှိရသည်။
 
                                                                            မောင်မောင်သန်း(တောင်ကြီး)
refind;www.shanstate.gov.mm

1 June 2014

ပြန်လည်လုပ်ကိုင်ခွင့်ရမြေယာကို အေဒင်ကုမ္ပဏီမှာလာကန့်ကွက်

နန်းဒီမိုကရေစီ | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ဂေါက်ကွင်းအနောက်ဘက်ရှိ နောင်အင်ရွာသားများ ပိုင်ဆိုင်သော မြေယာများကို အမှတ်(၂) စစ်တပ်က ၂၀၀၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ယခုအခါ မြေယာအချို့ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးသော်လည်း မေလ ၂၈ ရက်နေ့တွင် မြေယာ ပိုင်ရှင်ဖြစ်သူ ဦးခွန်တပိုးက ပြန်လည်လုပ်ကိုင်ရာ အမည်မသိသူတချို့က လာကန့်ကွက်ကြောင်း သိရသည်။

“မသိမ်းဆည်းခင်က လယ်စပါး၊ ကြံ သီးနှံများ စိုက်ပျိုးကြတယ်၊ စစ်တပ်က ဂေါက်ကွင်းတည်ဆောက်ရန်ဆိုပြီး သိမ်းဆည်းခဲ့တဲ့နောက်ပိုင်းမှာ လုပ်ကိုင်စရာမရှိတော့သဖြင့် စားဝတ်နေရေးလည်း အဆင်မပြေတော့အတွက် သားသမီးတွေက ယိုးဒယားနိုင်ငံမှာ အလုပ်သွားလုပ်ရတယ်၊ အခက်အခဲများကြုံတွေ့ရတယ်၊” လယ်မြေအသိမ်းခံရသူ ဦးတပိုးက ပြောသည်။

ဧကပေါင်း ၇၀ သိမ်းယူ၍ ၂၀၁၃ ခုနှစ်တွင် သက်ဆိုင်ရာဌာနထံ ပြန်လည်တောင်းခဲ့သည်။ မေလ ၁၅ ၇က် ၂၀၁၄ ခုနှစ်တွင် ၄၂ ဧက ပြန်လည်လုပ်ပိုင်ခွင့်ရသည်ဟု အေးသာယာ အုပ်ချုပ်ရေးမှူးက လယ်ယာမြေပိုင်ရှင်ဦးတပိုးကို အကြောင်းကြားခဲ့သည်။

မေလ ၂၈ ရက်တွင် ဦးတပိုးက လူတစ်ဦးအား မြေယာကို မြေထွန်ခိုင်းခဲ့ရာတွင် အမည်မသိ အေဒင်ကုမဏီအဖွဲ့သားများ ရှစ်ဦးက မြေယာမထွန်သေးရန် ဦးတပိုးနှင့် စကားပြောဦးမည်ဟု လာကန့်ကွက်သည်။

လယ်ယာမြေကို ပြန်ရနိုင်ရန် မြို့နယ်ထွေအုပ်ရုံးကို သွားပြီးဆက်လက်ဆောင်ရွက်ဦးမည်ဟု ဦးခွန်တပိုးက ဆက်လက်ပြောသည်။
http://www.taunggyitime.com

အလိုအလျောက် မောင်းသည့် ကားများ Google ကုမ္ပဏီ စတင်ထုတ်လုပ်

Written by 
လော့စ်အိန်ဂျလိစ်   မေ   ၂၈
Google ကုမ္ပဏီသည် အခြားကုမ္ပဏီ များမှ ထုတ်လုပ်သော ကားများထက် ပို၍ ကောင်းမွန်သည့် အလိုအလျောက် မောင်းစနစ် ကားများကို စတင်ထုတ်လုပ် လျက်ရှိ သည်ဟု သိရသည်။
အဆိုပါ ကားများတွင် အဖွင့်အပိတ် ခလုတ် တစ်ခုသာ ပါရှိမည်ဖြစ်ပြီး ထိန်းချုပ် စနစ်များ ဖြစ်ကြသော လက်ကိုင် စတီယာရင် (သို့မဟုတ်) ခြေနင်း စနစ်များ ပါဝင်မှု မရှိဟု သိရသည်။ Google မှ ထုတ်လုပ်နေသည့် အလိုအလျောက် မောင်းကားများသည် ကာတွန်းပုံစံ တစ်ခုနှင့် တူညီနေပြီး ၎င်းကားများ၏ အရှေ့ပိုင်းတွင် သာမန် ကားများတွင် ပါဝင်နေကျ ဖြစ်သော ကားရှေ့ဖုံးများ မပါဝင်သည့် အပြင် ကားဘီးများ ကိုလည်း ထောင့်စွန်းများတွင် တပ်ဆင် ထားသည်ဟု သိရသည်။
အဆိုပါ ကားများတွင် လူနှစ်ဦး ထိုင်၍ ရနိုင်မည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အားကို အသုံးပြု၍ ယာဉ်ကို မောင်းနိုင်မည်ဖြစ်သည်။ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းမည့် လူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် ကား၏အမြန်နှုန်းကို အစပိုင်းတွင် တစ်နာရီ ၂၅မိုင် ကန့်သတ် ပေးထားသည်ဟု သိရသည်။
အဆိုပါကားကို အလိုအလျောက် မောင်းနှင်နိုင်စေရန် ကားထဲတွင် ကင်မရာ အချက်အလက် နှင့်အတူ လေဆာနှင့် ရေဒါ အာရုံခံ စနစ်များ ပေါင်းစပ်ထားသည့် စနစ် တစ်ခုကိုလည်း ထည့်သွင်း အသုံးပြုထားပြီး ယာဉ်၏ သွားလာမှု လမ်းကြောင်းအတွက် Google ကုမ္ပဏီ၏ လမ်းညွှန် မြေပုံများကို ကားအတွင်း၌ ထည့်သွင်း အသုံးပြု သွား မည်ဟု သိရသည်။
ယခု ထုတ်လုပ်နေသည့် အလိုအလျောက် မောင်းကားများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အလွန်စိတ်လှုပ်ရှားလျက် ရှိကြောင်း၊ အဆိုပါ ကားများကို ဒက်ထရွိုက် မြို့တွင် ကားအစီးရေ ၂ဝဝဝန်းကျင်ခန့် ထုတ်လုပ်သွား မည်ဖြစ်ကြောင်း၊ ၎င်းကားများကို ယခုနှစ်အတွင်း လမ်းများပေါ်၌ တွေ့မြင်ရလိမ့်မည် ဖြစ်ကြောင်ွး Google ကုမ္ပဏီ၏ အလိုအလျောက်မောင်း လူစီးယာဉ် စီမံကိန်းမှ ညွှန်ကြားရေးမှူးဖြစ်သူ ခရစ်အမ်ဆန်က ပြောကြားသည်။
http://www.myawady.net.mm

ရွှေညောင်တွင် ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဘူတာလမ်းဆုံအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်  Hijet အဖြူရောင်ယာဉ်နှင့်   Honda Dream 125 ဆိုင်ကယ်တို့မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနင် သူတွင်ဝဲခါးစောင်း နှင့်ဆီးခုံအထက်အလျား (၄)လက်မခန့်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ဝဲဂျိုစောင်းဖူးယောင် ဒဏ်ရာ များရရှိ၍ မှုခင်းဆေးစာနှင့်အတူ စဝ်စံထွန်းဆေးရုံသို့အရေးပေါ်လူနာအဖြစ်ပို့ဆောင်ထား ရကြောင်း ရွှေညောင်ရဲစခန်းတွင် ယာဉ်အား မဆင်မခြင်မောင်းနင်သူ ကားမောင်းသူအား  ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်အရေးယူထားကြောင်းသတင်းရရှိပါသည်။

၄၃၆ ကို ပြင်ဆင်ရန် NLD နှင့် ၈၈ မျိုးဆက်အဖွဲ့အစည်းတို့ဆွေးနွေး

.နှင်းသစ္စာ (တောင်ကြီး) | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



လွတ်တော်ထဲက ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံသော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လူထုထောက်ခံလက်မှတ် ကောက်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းတို့ တောင်းကြီးမြို့၊ သစ်တောရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် မေလ ၃၀ ရက်နေ့၌ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့နှစ် ၆၀ က တရားမ၀င် အာဏာရှင်စစ်အစိုးရကနေ ၂၀၁၀ နောက်ပိုင်းမှာ တရားဝင်အာဏာရှင်အစိုးရဆိုတဲ့ ပုံစံဖြစ်နေတဲ့ အခြေခံဥပဒေကို ရအောင်ပြင်မည်လိုက ဆုံးဖြတ်ထားတာပါ။ ကျတော်တို့ အန်အယ်ဒီနဲ့ ရှေ့ဆက်ပြီး လုပ်သွားကြမယ်။ ကြားဖြတ်ရွေးကောက်ပွဲတွေ၊၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ရွေးကောက်ပွဲတရားမျှတရေး
ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်သွားမှာပါ ” ဟု ရှမ်းပြည် ၈၈ မျိုးဆက်အဖွဲ့မှ ကိုနေမျိုးက ပြောသည်။

“၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း တစ်နိုင်ငံလုံးဆန္ဒကိုပြဖို့အတွက် ကျတော်တို့ အန်အယ်ဒီနဲ့ ၈၈ မျိုးဆက် နှင့် တိုင်းရင်းသားပါတီအချို့ ပူးပေါင်းပြီးလူထုဆန္ဒဖော်ထုတ်လက်မှတ်ဖြင့် တင်ပြသွားမှာဖြစ်တယ်။”

"၂၀၀၈ အခြေခံဥပဒေဖြစ်တဲ့ ၄၃၆ ကို အဓိကပြင်ဆင်မှာဖြစ်ပါတယ်။ ၄၃၆ ကို ပြင်ဖို့အရပ်ကျေးအလုပ်မှုဆောင်နဲ့ ပူးပေါင်းပြီး လက်မှတ်စုဆောင်းရမယ်။ လက်မှတ်စုဆောင်းရာမှာ သဘောပေါက်ပြီး ပြည်သူကို နားလည်အောင် ကျတော်တို့ ပြန်ရှင်းပြရမယ်ဖြစ်တယ်။”

“၇၅ ရာခိုင်နှုန်းသောပြည်သူ့လုပ်ပိုင်ခွင့်ဟာ စစ်သားတစ်ယောက်ကန့်ကွက်ရုံနဲ့ ပျက်ပြယ်ခဲ့ရမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီ၊ ဒီမိုကရေစီစနစ်နဲ့ ဝေးနေသေးတယ်။ ကျတော်တို့တွေဟာ တပ်မတော်ကို မုန်းလို့ ဒီစကားကို ပြောနေတာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ကျတော်တို့မကြိုက်လို့ ကျတော်တို့တွေ နိုင်ငံရေး လုပ်ကြတာဖြစ်တယ်။”

“ရွေးကောက်ပွဲးထက် အရေးကြီးတာ အခြေခံဥပဒေပြင်ဆင်ရေးပါ။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင် သန့်ရှင်းတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ၄၃၆ ကို ပြင်ဆင်ဖို့ အချိန်တစ်လခွဲနဲ့ ကောက်ယူသွားမှာ ဖြစ်တယ်။ ဒီအချိန်တစ်လခွဲမှာ ကြိုးစားပမ်းစားနဲ့ လုပ်သွားဖို့ လိုတယ်။ စနစ်တကျလုပ်ဖို့ လိုတယ်။ များများရဖို့လိုတယ်။”

“ရွေးကောက်ပွဲထက်အရေးကြီးတာ ဒီဥပဒေပြင်ဆင်ရေး။ ဥပဒေပြင်ဆင်ရေးက ဘယ်လောက်ထိ အရေးကြီးလည်းဆိုရင် ရွေးကောက်ပွဲမှာ ကျတော်တို့တွေ နိုင်သွားတယ်ဆိုပေမယ့် ကျတော်တို့တွေ ဒီအခြေခံဥပဒေအတိုင်း သွားနေရဦးမယ်။ ဒီဥပဒေအတိုင်းဘဲ ဆက်ကနေရမယ့်နိုင်ငံရေးမျိုး ဖြစ်တယ်” ဟု မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသန်းလွင်က ပြောသည်။
http://www.taunggyitime.com

လမ်းဖြတ်ကူးသူအား ထော်လာဂျီတိုက်၍ သေဆုံး

(၃၁-၅-၂၀၁၄)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ဘန်းကန် ကျေးရွာ၊ ရွှေညောင်-ရပ်စောက်ကားလမ်းပေါ်တွင် ယာဉ်မောင်း မောင်းနှင်သော ၉ဌ/၁၈၀၄(လီဖန်း)အပြာရောင်ထော်လာဂျီသည် လမ်းဖြတ် ကူးသူ ဘန်းကန်ကျေးရွာနေ မဇင်မျိုးနွယ် (၁၄)နှစ်အား တိုက်မိပြီး မဇင်မျိုးနွယ် ပါးစပ်သွေးထွက် ဒဏ်ရာ ရရှိပြီး သေဆုံးသွားခဲ့ကြောင်း ယာဉ်မဆင်မခြင်းမောင်းနှင်သူ အား ရွှေညောင်ရဲစခန်းတွင်ဖမ်းဆီး အရေးယူထားကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေးနှင့် အခမ်းအနားကျင်းပ

 ရှမ်းပြည်နယ် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေးနှင့် အခမ်းအနားကို မေ(၃၀) ရက်  နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ကျောင်းဆောင်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ အလှူရှင်များ၊ မိဘပြည်သူများ၊ ဆရာ/ဆရာမများ၊ ကင်းထောက်လူငယ်မောင်မယ်များ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ကြသည်။
   ပထမဦးစွာ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ရှမ်းပြည်နယ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး မုဒ်ဦး ဆိုင်းဘုတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များက မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းအပ်နှံ နေမှုနှင့် အခမဲ့ ဗလာစာအုပ်၊ ကျောင်းသုံး ဖတ်စာအုပ်၊ ဖြန့်ဝေထောက်ပံ့နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
   အခမ်းအနားအစီအစဉ်အရ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ရှမ်းပြည်နယ် ပြည်နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ကို အထက(၅)ကျောင်းသား/ ကျောင်းသူများက ကျောင်းအပ်စို့လေ သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးသည်။
   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်အဖြင့် တည်ဆောက်ရာတွင် တိုင်းပြည်တည်ဆောက်ရေးကို အဓိကဆောင်ရွက်ကြမည့် လူသားအရင်းအမြစ်များသည် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အရည်ချင်းများ ပြည့်ဝဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အမျိုးသားပညာရည် မြှင့်မားရေး အစီအစဉ်များရေးဆွဲပြီး (၂၀၀၁-၂၀၀၂) ပညာသင်နှစ်မှ (၂၀၃၀-၂၀၃၁)ပညာသင်နှစ်အထိ ပညာရေးနှစ်ရှည် နှစ်(၃၀)စီမံကိန်းကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်း၏ အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းများသို့ ရောက်ရှိရေးနှင့် ကျောင်းနေမြဲရေးကို ကြိုးစား ဆောင်ရွက်စေကာမှု အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့မရောက်နိုင်သည့်ကလေးများနှင့် ကျောင်း ရောက်ပြီးမှ ကျောင်းပြင်ပသို့ ရောက်ရှိနေကြသည့်ကလေးများရှိနေကြပါသေးကြောင်း ကလေးများသည် နိုင်ငံတော်၏ သားသမီးတွေ ဖြစ်သည့်အတွက် ချန်ခဲ့လို့မရပါကြောင်း အရွယ်လွန်ကလေးများအတွက် ကျောင်းပြင်ပ ပညာရေး Non-formal primary Education အစီအစဉ်များရေးဆွဲပြီး အလှူရှင်များ၏ အကူအညီဖြင့် တတ်နိုင်သမျှဆောင်ရွက်လျှက်ရှိပါကြောင်း၊ (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် တောင်ကြီး၊ ဟိုပုံး၊ကလောမြို့နယ်များတွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် ရှမ်းပြည်နယ် အတွင်း မူဆယ်၊ဖယ်ခုံ၊ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသွားသည်။
   ၎င်းနောက် ကျောင်းအပ်နှံရေးနေ့ နှင့် ပတ်သက်၍ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ရှင်းလင်းတင်ပြပြီး၊ အလှူငွေနှင့် ပစ္စည်းများအပေးအပ်ရာ (၂၀၁၄-၂၀၁၅) ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း) မူလတန်းအဆင့် ကျောင်းသား/ သူများအတွက် လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ ထောက်ပံ့ရန် ဗလာစာအုပ်(၁)သိန်း(၂)သောင်း၊ (၈၄၃၅)ဒါဇင်အတွက် ငွေကျပ်(၂၅၆၈)သိန်း(၇)သောင်းကျပ်နှင့် ပညာသင်ထောက်ပံ့ကြေးငွေ(၂၅၆၄)သိန်း (၃)သောင်း(၄)ထောင်၊ စုစုပေါင်း(၅၁၃၃)သိန်း(၄)ထောင်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက လက်ခံ၍လည်းကောင်း၊ တောင်ကြီး မြို့နယ်ရှိ အခြေခံပညာကျောင်းများအတွက် စေတနာရှင်/အလှူရှင်များမှ လှူဒါန်းသော လှူဒါန်းငွေ (၁၃၆)သိန်း (၉)သောင်းနှင့် ကျောင်းဝတ်စုံ(၂၆၀)တို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ပေးအပ်ရာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြခက်က လက်ခံ၍လည်းကောင်း၊ ဗလာစာအုပ် (၅၄၅)ဒါဇင်၊ တီဗီ(၁)လုံး၊ကွန်ပျူတာ(၂)လုံး၊ ပရင်တာ(၂)လုံးတို့ကို ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်မှ ပေးအပ်ရာ အထက(၄)ကျောင်းအုပ် ဆရာမကြီး ဒေါ်စဝ်ကြည်ဝင်းက လက်ခံ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ငွေကျပ်(၆၃)သိန်း တန်ဖိုးရှိ စာရေးခုံ/ထိုင်ခုံ(၁၄၀)စုံတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးမှ ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ အထက(၂)ကျောင်းအုပ်ဆရာမကြီးက လက်ခံ၍လည်းကောင်း၊ အလှူရှင် ဒေါ်ဥမ္မာခိုင် ပြည်နယ်ပညာရေး (ငြိမ်း)မှ အလှူငွေ(၅)သိန်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ အလှူငွေ(၃)သိန်း၊ ပြည်နယ်မိခင် နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ(၃)သိန်းတို့ကို အလှူရှင်များမှ ပေးအပ်လှူဒါန်းရာ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ် ခဲ့သည်။
   ယင်းနောက် အထက(၂)ကျောင်းသား/ ကျောင်းသူများက ဘက်စုံပညာသီချင်းဖြင့်သီဆို၍ အခမ်း နားကို ရုပ်သိမ်းလိုက်ပြီး၊ ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်(၅၁၃၃)သိန်း  (၄)ထောင်၊ စေတနာရှင် မိဘပြည်သူများလှူဒါန်းငွေကျပ်(၁၃၆)သိန်း (၉)သောင်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၅၂၆၉)သိန်း (၉)သောင်း (၄)ထောင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့သည် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝီဒူ ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတို့ ရောက်ရှိရာ ဘဒ္ဒန္တဆန္ဒရာဇာ ဆရာတော်ဘုရားကိုဖူးမြော်ကာ ပရဟိတဂေဟာရှိ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးတို့ကို တစ်ဦးလျှင်ငွေကျပ် (၁)ထောင်နှုန်းနှင့် ဗလာစာအုပ်(၆)အုပ်၊ စုစုပေါင်း ငွေကျပ်(၁)သိန်း(၈)သောင်း၊ ဗလာစာအုပ်(၆၄)ဒါဇင်တို့ကို ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ် ဝန်ကြီးများက ပေးအပ်လှူဒါန်းခဲ့ပြီး၊ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအား လှည့်လည်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။       
   မောင်မောင်သန်း(တောင်ကြီး)

refind;http://www.shanstate.gov.mm525

လေးနှစ်အရွယ် သမီးငယ်ကို ညှဉ်းပန်း နှိပ်စက်သည့်ဖခင်ဖြစ်သူကို ဥပဒေအရ အရေးယူ ဆောင်ရွက်မည်

တောင်ကြီး    မေ  ၁၈
ရှမ်းပြည်နယ် တောင်ကြီးမြို့  ရွှေတောင်ရပ်ကွက် အောင်သာယာ လမ်း၌ ဖခင်ဖြစ်သူက လေးနှစ်အရွယ် သမီးဖြစ်သူကို   လူမဆန်စွာ ရိုက်နှက်နှိပ်စက် ညှဉ်းပန်းမှု ဖြစ်ပွားခဲ့သည်။
 ဖြစ်စဉ်မှာ တောင်ကြီးမြို့  ရွှေတောင်ရပ်ကွက်  အောင်သာယာလမ်း  အမှတ်(၇/၅၁၁)နေ  နေလင်းအောင်(ခ) ဖိုးချိုနှင့် ဒေါ်စုခိုင်ကြည်(ခ)  (မိထွေး)တို့၏ သမီးဖြစ်သူ   ပန်းအိဖြူ(ခ) ချိုစံပယ်ဖြူ လေးနှစ်သည် ယမန်နေ့ နံနက် ၈ နာရီက ရပ်ကွက်အတွင်း ဒဏ်ရာများဖြင့် သွားလာ နေသည် ကို တွေ့ရှိသဖြင့် ရင်သွေးငယ်များ၏ ဥယျာဉ်မှူး အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဖေက လူမှုဝန်ထမ်း ဦးစီးမှူး   ဒေါ်ချယ်ရီထံ အကြောင်းကြား ခဲ့သဖြင့် ဒေါ်ချယ်ရီက သွားရောက် ကြည့်ရှုရာ မပန်းအိဖြူ(ခ) ချိုစံပယ်ဖြူ၏ ဝဲ၊ ယာလက်ခုံ၌ မီးပူလောင်ထားရာမှ အရေကြည်ဖုဖြစ်ပြီး ပေါက်ပြဲဒဏ်ရာ၊ နဖူးတွင် ဖူးရောင်ဒဏ်ရာ၊ဝဲ၊ ယာ ပါးနှစ်ဖက်တွင် ညိုမည်းဒဏ်ရာ၊ နောက်ကျောနှင့် ဝဲ၊ယာပေါင်တို့တွင် ညိုမည်းဒဏ်ရာများ ရရှိနေသည်ကို တွေ့ရှိသဖြင့် သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားပြီး ၄င်းအဖွဲ့နှင့် အတူ စဝ်စံထွန်း ဆေးရုံ သို့ မပန်းအိဖြူ (ခ)ချိုစံပယ်ဖြူကို ပို့ဆောင်၍   မေးမြန်းရာ လွန်ခဲ့သော  ၁၅ ရက်ခန့်က ဖခင်ဖြစ်သူသည်  ထမင်းချက်သည့် အုတ်မီးဖိုဖြင့် ၄င်း၏လက်ကို ကပ်ရာ ဝဲ၊ ယာလက်တို့တွင် မီးပူလောင်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မေ ၁၆ ရက် ည ၈  နာရီတွင်   ဖခင် ဖြစ်သူက  မပန်းအိဖြူ(ခ) ချိုစံပယ်ဖြူ၏ နဖူးနှင့်ဒူးတို့ကို သံရိုက်တူဖြင့် ထုခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းတွင် ပေါင်နှင့်နောက်ကျောတို့ကို ဖခင်ဖြစ်သူက တူဖြင့် ထပ်မံ ထုခဲ့ကြောင်း ပြောပြ ခဲ့သည်။
 ထို့ကြောင့် ကလေးသူငယ်အား လိမ္မာစေရန် ဆုံးမခြင်းမျိုးမှ တစ်ပါး  လူမဆန်စွာ ရိုက်နှက်နှိပ်စက် ညှဉ်းပန်းသော နေလင်းအောင်(ခ)ဖိုးချို ၂၁ နှစ် (ဘ)ဦးလှသိန်းကို ကလေးသူငယ် ဥပဒေပုဒ်မ   ၆၆(ဃ) အရ အရေးယူနိုင်ရန် အတွက် ဒေါ်ချယ်ရီက တရားလို ပြုလုပ် တိုင်တန်းသဖြင့် တောင်ကြီးမြို့မ ရဲစခန်းက တရားရုံး ဦးတိုက်လျှောက် အမှတ် (၄၄/၂ဝ၁၄)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးသို့ အမှုဖွင့်ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး  နေလင်းအောင်(ခ) ဖိုးချို   သမီးဖြစ်သူကို ညှဉ်းပန်း နှိပ်စက်စဉ် အသုံးပြုသည့် နှစ်ပေခန့်ရှိ ဝါးတုတ်တစ်ချောင်း၊ အရိုး ၁၂လက်မခန့်ရှိ သံရိုက်တူ တစ်ချောင်း၊ အုတ်ဖြင့် ပြုလုပ်ထားသော မီးဖိုတစ်ခု တို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားရှိပြီး မပန်းအိဖြူ(ခ) ချိုစံပယ်ဖြူကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး ခွဲစိတ်ဆောင် အခန်း အမှတ်(၈)တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်အတွင်း စွန့်လွှတ်သည့် စိုက်ပျိုးမြေယာများအား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်

တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်အတွင်း စွန့်လွှတ်သည့် စိုက်ပျိုးမြေယာများအား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ(၂၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင် များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ မြေယာလက်ခံရရှိသည့်တောင်သူများ တက်ရောက် ကြသည်။

   အခမ်းနားတွင် ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားရာ တွင် ရှမ်းပြည်နယ်အတွင်း ပြန်လည် စွန့်လွှတ်ပေးအပ်သွားမည် မြေဧရိယာ (၁၂၂၄၁.၃၃)ဧက ဖြစ်ပြီး လယ်(၃၈၅.၉၇)ဧက၊ ယာ(၁၉၁၆.၈၇)ဧကနှင့် မြေလွတ်၊ မြေရိုင်း  (၃၉၇၉.၇၀)ဧက၊ စုစုပေါင်း(၆၂၈၂.၅၄)ဧကကို သက်ဆိုင်ရာတောင်သူ(၂၀၂၅)ဦး သို့ယာယီ လုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၃) ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ တောင်ကြီးခရိုင်အတွင်း မြေဧရိယာ (၇၉၇.၁၆)ဧကကို ပြန်လည်စွန့်လွှတ်ပေးအပ်သွားမည်ဖြစ်ပြီး လယ်(၃၁၄.၁၅) ဧက၊ ယာ(၃၃၅.၀၇) ဧက၊ စုစုပေါင်း(၆၄၉.၂၂) ဧကကို သက်ဆိုင်ရာ တောင်သူ(၄၈၁)ဦးသို့ ယာယီလုပ်ကိုင်ခွင့်ပြု လက်မှတ်(ပုံစံ - ၃) ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပေးအပ်ရန်ကျန်ရှိသည့် စွန့်လွှတ်မြေများကိုလည်း အမြန်ဆုံး ပေးအပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်က ကြိုးစားဆောင်ရွက် လျှက်ရှိပါ ကြောင်း၊  ကျန်ရှိသည့် ခရိုင်နှင့်မြို့နယ် မြေအသုံးချစီမံခန့်ခွဲရေး ကော်မတီများအနေဖြင့် ပြန်လည်စွန့်လွှတ် ပေးအပ်မည့် မြေများကို သက်ဆိုင်ရာတောင်သူများထံ ပေးအပ်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယာယီလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် ယာယီလုပ်ပိုင်ခွင့် ရှိသောမြေသည် လယ်ယာမြေဖြစ်ပါက (၂၀၁၂) ခုနှစ် လယ်ယာမြေ ဥပဒေနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ရရှိရေးအတွက် လျှောက်ထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ ယာယီလုပ်ပိုင်ခွင့်ရ မြေသည် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ ဖြစ်ပါက မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက် လျှောက်ထား ကြရမှာဖြစ်ပါကြောင်း၊ လယ်ယာမြေများသည် သားစဉ်မြေးဆက် လုပ်ပိုင်ခွင့်(ပုံစံ-၇) ရရှိမည်ဖြစ်ပြီး၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအတွက် နှစ်(၃၀)လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိကြမှာဖြစ်ပါကြောင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီး စိုက်ပျိုးမှု တည်ငြိမ်မှုရှိပါက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ဆက်လက်လျှောက်ထားနိုင်မှာဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ် အပ်နှံမြေများ ကို သက်ဆိုင်ရာတောင်သူများသို့ ပေးအပ်မှုကို ပြည်သူလူထု အကျိုးစီးပွား အလို့ငှာ ညွှန်ကြားချက်၊ မူဝါဒနှင့် အညီ ပြန်လည်ပေးအပ်နိုင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူလူထု ကိုယ်စား အလွန်ပင်  ဝမ်းမြောက်မိပါ ကြောင်း နှင့် တောင်သူများအနေနှင့်လည်း ပြန်လည်ရရှိသောမြေများကို စနစ်တကျ ပြန်လည်စိုက်ပျိုး အသုံးပြုရာတွင် နိုင်ငံတော်နှင့် မိမိတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို (projector) ဖြင့် ရှင်းလင်းတင်ပြပြီး၊ စွန့်လွှတ်သည့် မြေယာများအား တောင်သူများထံသို့ ယာယီလုပ်ကိုင်ခွင့် လက်မှတ်(ပုံစံ-၃)ဖြင့် လွှဲပြောင်းပေးအပ်ရာ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ (၅၁.၁၂)ဧက တောင်သူ(၂၀)ဦး၊ တောင်ကြီး ခရိုင်၊ ကလောမြို့နယ် (၃၅၅.၁၀) ဧက၊ တောင်သူ(၃၅၈)ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် (၁၅၀)ဧက၊ တောင်သူ(၆၇)ဦး၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်(၉၃.၀၀)ဧက၊ တောင်သူ(၃၆)ဦး၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် (၁၂၅၈.၇၁)ဧက၊ တောင်သူ(၄၁၇)ဦး တို့ကို  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ မြို့နယ်အလိုက် တောင်သူများ ကလက်ခံရယူကြသည်။

   ထို့နောက် မြေယာလက်ခံရရှိသည့် တောင်သူများကိုယ်စား တောင်သူဦးခွန်သန်းထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။



                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

rrefind; http://www.shanstate.gov.mm524