5 August 2014

အင်းသား လူမှုရေး အသင်းမှ ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

တောင်ကြီး  သြဂုတ်  ၃ Written by  ရွှေတည်
ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းသား လူမှုရေး အသင်းမှ ကြီးမှူး ကျင်းပသော
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော တောင်ကြီးမြို့နယ် အတွင်းရှိ အင်းသား အမျိုး အနွယ်ဝင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက တောင်ကြီးမြို့ ချမ်းမြသာစည် ရပ်ကွက် နဂါးပွက် ပရိယတ္တိ စာသင်တိုက်၌ ကျင်းပရာ အင်းသား လူမှုရေးအသင်း ပဓာနနာယက နဂါးပွက် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဦးတေဇဝန္တက အဖွင့်သြဝါဒ စကား မြွက်ကြားတော် မူသည်။
ထို့နောက် အင်းသား လူမှုရေးအသင်း အတွင်းရေးမှူး ဦးအောင်ကျော်နိုင်က ဂုဏ်ပြု ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အင်းသား လူမှုရေးအသင်း ပညာရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်စိုးက ပညာရေးနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုရ ကျောင်းသား၊ ကျောင်းသူများအား အင်းသား လူမှုရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံ ရယူကြသည်။
အဆိုပါ အခမ်းအနားတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ငါးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ငါးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၉ ဦးတို့အား ငွေကျပ် သိန်း ၃ဝ ကျော်နှင့် ပညာရေး ပဒေသာပင် အတွက် အင်းသား လူမှုရေးအသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ပေးအပ်ရာ အင်းသား လူမှုရေးအသင်း ပညာရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သိန်းစိန်က လက်ခံ ရယူခဲ့ကြောင်း သိရသည်။  
အခမ်းအနားသို့ အင်းသား တိုင်းရင်းသားများ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။
refind; http://www.myawady.net.mm

No comments:

Post a Comment