14 May 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အခမ်းအနားကျင်းပ

 135


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၁၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို မေ(၁၂)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၌ ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ အလှူရှင် ဖြူစင်ကုမ္ပဏီမှ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ကြသည်။
   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်းများ စတင်သန္ဓေတည်စေခဲ့သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် မေလ(၈)ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့ အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နှစ်စဉ် မေလ(၈)ရက်နေ့ (သို့မဟုတ်) မေလအတွင်း သင့်တော်သော နေ့တနေ့တွင် ကမ္ဘာ့ကြက်ခြေနီ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျင်းပခဲ့ကြောင်း၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ မြင့်မားစွန့်စား ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သည့် စိတ်ဓာတ်နှင့် လုပ်အားများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်လျှက်ရှိရာ အမျိုးသားအင်အားစုများဖြစ်သည့် တိုင်းရင်းသားပြည်သူများကြားမှ ပေါက်ဖွားလာသော လူမှုရေးအသင်းအဖွဲ့များ စေတနာရှင် အဖွဲ့အစည်းများအားလုံး အမျိုးသားရေး လမ်းကြောင်းမှန်ပေါ်တွင် ရှင်သန်ဖွံ့ဖြိုးတိုးတက်နေစေရန် လိုအပ်သည့် အားပေးချီးမြှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းများတွင် တက္ကသိုလ် ကြက်ခြေနီတပ်ဖွဲ့များမှ ထူးချွန်သော ကြက်ခြေနီ မောင်မယ်များကို ရွေးချယ်၍ ထူးချွန်ကြက်ခြေနီ စခန်းများသို့ ပို့လွှတ်၍ ချီးမြှောက်ပေးလျှက်ရှိပါကြောင်း၊ ထူးချွန်ကြက်ခြေနီလူငယ်များသည် ကင်းထောက်လူငယ်၊ ဘက်စုံထူးချွန်လူငယ်တို့နှင့်အတူ ထူးချွန်လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်သမ္မကြီး၏ သြဝါဒကို ခံယူခွင့်ရခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်မှုကို အရင်းခံကာ ဖွဲ့စည်းခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် မောင်မယ်များသည် ပြည်သူတို့၏ ဆင်းရဲဒုက္ခများ နည်းနိုင်သမျှနည်းအောင် ကူညီဆောင်ရွက်ပေးကြရန် နိုင်ငံတော်၏ အရံအင်အားအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းများတွင် တက်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အခြားသော လူမှုရေးအဖွဲ့အစည်းနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသွားသည်။
   ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးမှ ဖတ်ကြားပြီး၊ ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ဖြူစင်ကုမ္ပဏီမှ လှူဒါန်းသော အရေးပေါ် လူနာတင်ယာဉ်အား ပေးအပ်ရာ၊ ပေးအပ်လှူဒါန်းသော စာရွက်စာတန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
   ထိုနောက် အရေးပေါ် လူနာတင်ယာဉ်အား ပေးအပ်လှူဒါန်းပေးပါသော ဖြူစင်ကုမ္ပဏီမှ ဦးအောင်သန်းထွန်းက လှူဒါန်းရသောအကြောင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဖြူစင်ကုမ္ပဏီမှ လှူဒါန်းသော လူနာတင်ယာဉ်အား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment